ဂျပန်လွှတ်တော်ရွေးကောက်ပွဲ အာဏာရပါတီ အသာရနေ

ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရပြီး နှစ်ရက်အကြာ ဇူလိုင် ၁၀ ရက်မှာ ကျင်းပတဲ့ အထက်လွှတ်တော်ရွေးကောက်ပွဲမှာ အာဏာရ ကွန်ဆာဗေးတစ်ညွန့်ပေါင်းအစိုးရက အသာစီးရနေပါတယ်။
ခေတ်သစ်ဂျပန်ပြည်မှာ သက်တမ်းအရှည်ကြာဆုံး နိုင်ငံခေါင်းဆောင်ဖြစ်တဲ့ ရှင်ဇိုအာဘေးဟာ ဇူလိုင် ၈ ရက်က နိုင်ငံအနောက်ပိုင်းက နာဂါမြို့မှာ အထက်လွှတ်တော်အမတ်တယောက်အတွက် မဲဆွယ်ပေးနေစဉ်မှာ လုပ်ကြံခံလိုက်ရတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဖူမီယိုကီရှီဒရဲ့လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP ပါတီ) မှာ အာဘေးဟာလည်း ထိပ်တန်းခေါင်းဆောင်တယောက်ဖြစ်ပါတယ်။
ဇူလိုင် ၁၀ ရက် ရွေးကောက်ပွဲမှာ LDP ပါတီနဲ့ မဟာမိတ်ဖြစ်တဲ့ ကီမိုင်တိုပါတီတို့ဟာ အမတ်နေရာ ၆၉ နေရာနဲ့ ၈၃ နေရာကြား အနိုင်ရဖို့ သေချာနေပါတယ်။
ရွေးကောက်ပွဲဟာ အထက်လွှတ်တော် ၁၂၅ နေရာအတွက်ဖြစ်လို့ ကနဦး ရလဒ်တွေအရ အများစုကို LDP နဲ့ မဟာမိတ် ပါတီတွေက လွှမ်းမိုးနိုင်မယ့် သဘောဖြစ်ပါတယ်။ တရားဝင် ရလဒ်တွေကိုတော့ ဒီနေ့ ဇူလိုင် ၁၁ ရက်မှာ ကြေညာဖို့ ရှိပါတယ်။