ဗြိတိန်ဝန်ကြီးချုပ်ရာထူးနေရာ အာဏာရပါတီအတွင်း အပြိုင်အဆိုင်ဖြစ်

ဗြိတိန်နိုင်ငံမှာ ရာထူးကနေ နုတ်ထွက်တော့မယ့် ဝန်ကြီးချုပ် ဂျွန်ဆင်နေရာမှာ ဘယ်သူ ဆက်ခံမလဲ ဆိုတာ နဲ့ ပတ်သက်လို့ အာဏာရပါတီအတွင်းမှာ အပြိုင်အဆိုင် ဖြစ်လာနေပါတယ်။
ကျော်မကောင်းကြားမကောင်း ကိစ္စရပ်တွေ ပေါ်ပေါက်ပြီး နုတ်ထွက်တော့မယ့် ဝန်ကြီးချုပ် နေရာကို ဆက်ခံဖို့အတွက် ယှဉ်ပြိုင်မှုတွေ ဇူလိုင် ၁၇ ရက်က ရုပ်မြင်သံကြား စကားစစ်ထိုးပွဲ အဆင့် ရောက်လာပါတယ်။
ကွန်ဆာဗေးတစ်ပါတီက ဝန်ကြီးချုပ်လောင်း ၅ ယောက်ဟာ ရုပ်မြင်သံကြား စကားစစ်ထိုးပွဲမှာ နိုင်ငံကို ဘယ်လို ဦးဆောင်မလဲဆိုတာကို အချေအတင် ငြင်းခုံကြပါတယ်။
အခုအချိန်အထိ ဘယ်သူက အသာရမလဲဆိုတာ ခန့်မှန်းရခက်နေပါသေးတယ်။
ဝန်ကြီးချုပ် လောင်းလျာတွေထဲမှာ တန်းတူညီမျှရေး ဝန်ကြီး ခါမီ ဘာဒင်နော့ချ်၊ လွှတ်တော်အမတ် တွမ် တူဂန်ထာ့ဒ်၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း ရာရှီး ဆူနာ့ခ်တို့လည်း ပါဝင်နေပါတယ်။
ဇူလိုင် ၁၇ ရုပ်မြင်သံကြား ဒီဘိတ်မှာ လက်ရှိ ဝန်ကြီးဖြစ်တဲ့ ခါမီ ဘာဒင်နော့ချ်က အစိုးရဘက် ကနေ ခုခံပြောဆိုသွားတာ တွေ့ရပါတယ်။
လွှတ်တော်အမတ်ပဲ လုပ်ဖူးတဲ့ တူဂန်ထာ့ဒ်မှာ အတွေ့အကြုံ ချွတ်ခြုံကျနေတယ်လို့လည်း ဝေဖန်သွားပါတယ်။
ဒါပေမယ့် တူဂန်ထာ့ဒ်က သူဟာ အာဖဂန်နစ္စတန်နဲ့ အီရတ် ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းခဲ့သူ ဖြစ်တယ်လို့ ခုခံသွားပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဟောင်း ရာရှီး ဆူနာ့ခ်ကတော့ သူ့ မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုအပေါ် ဝေဖန်ခံ နေရတာတွေနဲ့ပတ်သက်လို့ ချေပသွားပါတယ်။
သူ့ ယောက္ခမဖြစ်သူဟာ လက်လုပ်လက်စားဘဝကနေ ကြီးပွားတိုးတက်လာတာဟာ ကွန်ဆာဗေးတစ်တွေရဲ့ ဂုဏ်ယူစရာ သမာရိုးကျ ဇာတ်လမ်းတပုဒ်ဖြစ်တယ်လို့ ပြောသွားပါတယ်။
ဘယ်သူပဲ ဝန်ကြီးချုပ် ဖြစ်လာပါစေ တိုင်းပြည်မှာ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေး နှေးကွေးမှုတို့ကတော့ စောင့်ကြိုနေပါတယ်။
ဝန်ကြီးချုပ် ဂျွန်ဆင်လက်ထက် နာမည်ပျက်စရာ၊ သိက္ခာကျစရာ ဇာတ်လမ်းတွေ တသီတတန်းကြီး ပေါ်ပေါက်ခဲ့တာကြောင့်လည်း ကွန်ဆာဗေးတစ် ခေါင်းဆောင်ပိုင်းအပေါ် လူထုထောက်ခံမှုလည်း ကျဆင်းနေပါတယ်။
ရှေ့သုံးရက်မှာ ဝန်ကြီးချုပ်လောင်း တယောက်စီဟာ ပြိုင်ပွဲကနေ ထွက်ရမှာဖြစ်ပြီး နောက်ဆုံး ကျန်တဲ့ ၂ ယောက်ကို ကွန်ဆာဗေးတစ် ပါတီဝင်တွေက မဲပေးရွေးချယ်ပြီးရင် ဘယ်သူ ဝန်ကြီးချုပ် ဖြစ်လာမလဲဆိုတာကို စက်တင်ဘာ ၅ ရက်ကျရင် ကြေညာဖို့ ရှိပါတယ်။