ပေါက်မြို့နယ် ရွာ ၃ ရွာကို စစ်တပ်က မီးရှို့ပြီး ရိက္ခာများခိုးယူ၊ စစ်ရှောင် အဘွားအို ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောင်ပိုင်းမှာ ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက သြဂုတ် ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ အကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ရင်း နာမကျန်းဖြစ်နေတဲ့ အသက် ၇၀ အရွယ် အဘွားအိုတယောက်သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ညောင်းရင်းရွာ၊ စသိန်းရွာနဲ့ ဂွေးဂုဏ်ရွာ မှာရှိတဲ့ ပြည်သူတွေပိုင်ဆိုင်တဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေအားလုံးကိုလည်း စစ်ကောင်စီတပ်တွေက ခိုးယူသွားကြတာလို့ ရွာသားတွေက ပြောပါတယ်။
ညောင်ရင်းကျေးရွာ ဒေသခံတယောက်က ေပေါက်မြို့နယ်၊ ချိုင်ဇောက်ရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့စစ်(...)အင်အား ၁၅၀ လောက်က ကျနော်တို့ ညောင်ရင်းရွာကို သြဂုတ်လ ၁၉ ရက်နေ့မှာ စတင်ဝင်ရောက်ဖြတ်သန်းလာပြီး မနက် ၈ နာရီလောက်မှာ စသိန်းရွာမြောက်ဘက်ခြမ်းကို စပြီးမီးရှို့တာ။ ညတွင်းချင်းပဲ စသိန်းနဲ့ ညောင်ရင်းရွာတွေက ဆန်၊ စပါးရိက္ခာတွေကို ကားကြီးကားငယ်နဲ့ အကုန်လုံးတိုက်ယူသွားကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာလို့ ထွက်ပြေးတိမ်းရှောင်တဲ့နေရာမှာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နေမကောင်းတဲ့သူ ပါလာတဲ့အတွက် အခက်အခဲ ဒုက္ခရောက်ခဲ့ကြရပြီး နေမကောင်းတဲ့ အသက် ၇၀ အရွယ် အဘွားအိုတယောက် သေဆုံးသွားလို့ လမ်းမှာပဲ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ စသိန်းရွာ ဆန်စက်မှာ ပြည်သူတွေအပ်နှံထားတဲ့စပါးတွေကို ကြိတ်ခွဲပြီး ယူသွားကြသလို သြဂုတ် ၂၀ ရက်မှာတော့ ညောင်ရင်း၊ စသိန်းနဲ့ ဂွေးဂုဏ်ရွာတွေကို တပြိုင်နက် မီးရှို့ဖျက်ဆီးလို့ ညောင်ရင်းရွာက အိမ်ခြေ ၃၀ ကျော်၊ စသိန်းရွာက အိမ်ခြေ ၃၀ ကျော်နဲ့ ဂွေးဂုဏ်ရွာက နေအိမ် ၁၀ လုံးလောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “ဂွေးဂုဏ်ရွာနဲ့ စသိန်းဘက်ကိုလည်း ချောင်းကူးရွာဘက်ကနေ လက်နက်ကြီးနဲ့ လေးချက်လှမ်းပစ်တယ်။ ညနေပိုင်းမှာတော့ ရဟတ်ယာဥ် နှစ်စီးနဲ့ နှစ်ခေါက်လာရောက်ပြီး စစ်(...)တွေကို သယ်သလား၊ ရိက္ခာတွေကို သယ်တာလားတော့ အတိကျမသိရဘူး။ ချောင်းကူး၊ ပျဥ်းမနဲ့ မြိုင်မြို့နယ်ဘက်ကို ထွက်သွားတယ်” လို့ ပြောပါတယ်။
အဆိုပါကျေးရွာ သုံးရွာမှာ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေကို စစ်ကောင်စီတပ်တွေက အကုန် သယ်ယူသွားတာကြောင့် ရွာသားတွေ ရိက္ခာအကူညီတွေလိုအပ်သလို ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ဆေးဝါးတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
စသိန်းကျေးရွာသားတယောက်က “စစ်(...)တွေ စစ်ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဘေးကင်းရာမှာ နေထိုင်ကြဖို့ အသိပေးတာကြောင့် လုံခြုံတဲ့နေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ ထွက်ပြေးတဲ့ အချိန်မှာလည်း ချောင်းရေ ရင်စို့လောက်ကို ဖြတ်ကူးပြီး မိုးရွာထဲမှာ ထွက်ပြေးခဲ့ရတာ” လို့ ပြောပါတယ်။
တခြားရွာသားတဦးကလည်း “ကျနော်တို့ ရွာဘက်တွေမှာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ပဲ လုပ်ကိုင်စားသောက်ရတာပါ။ ကျနော့်အစ်ကိုအိမ် မီးထဲပါသွားတော့ သူရော ကျနော်ရော စိတ်ထိခိုက်ရပါတယ်။ ရွာကို မီးရှို့နေတာကို ကြည့်ပြီး ဘာမှမလုပ်နိုင်ခဲ့ဘူး။ အိမ်တလုံးဆောက်မယ်ဆိုရင် တိုင်ရရင်တိုင်ဝယ်တယ်။ ပျဥ်လေးရရင် ပျဥ်လေးဝယ်ပြီး လေးနှစ်လောက်အထိ စုဆောင်းပြီး တည်ဆောက်ထားရတဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားကြတာ” လို့ ပြောပါတယ်။
ဒီရွာတွေဟာ ကာကွယ်ရေးတပ်ဖွဲတွေကို ထောက်ပံ့တယ်လို့ စစ်တပ်က စွပ်စွဲပြီး ဒီရွာတွေမရှိရင် PDF တွေကို မထောက်ပံ့နိုင်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ မီးရှို့ခဲ့တဲ့အပြင် တချိန်က နာမည်ကြီးခဲ့တဲ့ ပါတီခေါင်ဆောင်တွေရဲ့ နေအိမ်တွေကိုပါ စာရင်းနဲ့ မီးရှို့ဖျက်ဆီးကြတာလို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပေါက်မြို့နယ်ထဲက ကျေးရွာတွေကို မကြာခဏ မီးရှို့ဖျက်ဆီးလေ့ရှိသလို ပေါက်မြို့နယ်တောင်ပိုင်းမှာလည်း ကျေးရွာ နှစ်ရွာလောက် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံရကာ ကျေးရွာပေါင်း ၂၀ ထက်မနည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မကွေးတိုင်းအတွင်းက ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေများပြားလာလို့ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေ၊ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာတွေ၊ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။