close

ကန်ကျနပူရီတွင် တရားမဝင်မြန်မာများတင်လာသည့်ကား ရေထဲပြုတ်ကျ၊ ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာ ဒီနေ့မနက်က တရားမဝင် မြန်မာလုပ်သားတွေ တင်လာတဲ့ကားတစီး မတော်တဆရေထဲပြုတ်ကျကာ ၄ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရတယ်လို့ ထိုင်းပီဘီ အက်စ်သတင်းမှာ ဖော်ပြပါတယ်။ 

ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စု ဘန့်ဆောင်ကာလေရွာအနီးမှာ ကားတစီး ရေလွှတ်မြောင်းထဲ ပြုတ်ကျသွားပြီး ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း အကြောင်းကြားလာတဲ့အတွက် လူနာတင်ကားတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆန်ခလပူရီ နယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။ 

အခင်းဖြစ်တဲ့နေရာမှာ ဘုရားသုံးဆူနဲ့ ဆန်ခလပူရီသွား လမ်းမကြီးဘေးမှာဖြစ်ပြီး မီးခိုးရောင်ဟိုင်းလပ်ကား ၁ စီး ရေလွှတ်မြောင်းထဲ မှောက်လျက်အနေအထားနဲ့ ပြုတ်ကျနေကြောင်း၊ ကားထဲကနေ သေဆုံးသူ အမျိုးသား ၃ ဦး နဲ့ အမျိုးသမီး ၁ ဦး၊ ဒဏ်ရာရသူ ၉ ဦးကို ဆွဲထုတ်ကာ ဆန်ခလပူရီမြို့နယ်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ယာဉ်မတော်တဆဖြစ်ရတဲ့အကြောင်းရင်းကို မသိရသေးကြောင်း၊ မျက်မြင်သက်သေတွေ ပြောပြချက်အရ ကားမှောက်ပြီးတဲ့နောက် လူ ၂ ယောက်ထွက်လာပြီး ထွက်ပြေးသွားကြောင်း၊ မကြာခင် အနက်ရောင်ကား ၁ စီးက လာကြိုသွားကြောင်း၊ ဒါကြောင့် တာဝန်ရှိသူတွေက အဆိုပါအနက်ရောင်ကားကို လိုက်လံစုံစမ်းရှာဖွေနေတယ်လို့ ဆိုပါတယ်။ 

//
Up