ကန်ကျနပူရီတွင် တရားမဝင် မြန်မာ ၄၂ ဦးနှင့် လမ်းပြ ၂ ဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၂ ဦးကို လမ်းပြ ၂ ဦးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းပေးချက် ရထားတဲ့အတွက် ရဲ၊ စစ်တပ်၊ အုပ်ချုပ်ရေးရုံးနဲ့ ကျန်းမာရေးဌာန ဝန်ထမ်းတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်စပ်လမ်းတလျှောက်မှာ စစ်ဆေးရေးတွေ ဆောင်ရွက်နေခဲ့ကြောင်း၊ ဒီကနေ့ ဩဂုတ် ၃ ရက် မနက် ၈ နာရီလောက်မှာတော့ ဆန်ခလပူရီမြို့နယ် ပလန်းဖလယ်အုပ်စု ကျုံအို့ရွာလမ်းပိုင်းမှာ ကိုယ်ပိုင်အိမ်စီးကားနဲ့ ပါလာတဲ့ တရားမဝင် မြန်မာနိုင်ငံသား ကျား ၂၅ ဦး၊ မ ၁၇ ဦး၊ စုစုပေါင်း ၄၂ ဦးကို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။ သူတို့နဲ့အတူ လမ်းပြအမျိုးသား ၂ ဦးပါ အဖမ်းခံထားရပါတယ်။
စစ်ဆေးမေးမြန်းချက်အရ သူတို့တွေဟာ မြန်မာပြည် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင်ပြည်နယ်ကဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်စခွန်း၊ လယောင်းနဲ့ ကန်ကျနပူရီမှာ လာပြီး အလုပ်လုပ်ဖို့ ပွဲစားကို ၁ ဦး ဘတ် ၁၅,၀၀၀ မှ ၃၀,၀၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဌာနက သူတို့ကို ကိုယ်ပူချိန်တိုင်းရာမှာ ပုံမှန်ဖြစ်ပြီး လဝကဥပဒေအရ ဆက်လက်အရေးယူဖို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းကို ပို့ထားတယ်လို့ ဆိုပါတယ်။