မန်ယူတွင် အန်တိုနီခြေစွမ်းပြနိုင်ရန် အချိန်လိုအပ်နိုင်ဟု ဖာဒီနန်သုံးသပ်

မန်ယူနိုက်တက်ကစားသမားသစ် အန်တိုနီအနေနဲ့ ခြေစွမ်းပြနိုင်ဖို့ အချိန်လိုအပ်နိုင်တယ်လို့ အသင်းနောက်ခံလူဟောင်း ရီယိုဖာဒီနန်က သုံးသပ်ပြောပါတယ်။
သက် ၂၂ နှစ်ရှိ ဘရာဇီးလက်ရွေးစင် အန်တိုနီဟာ ဟော်လန်ကလပ် အိုင်းယက်ကနေ ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
သူဟာ နည်းပြတန်ဟတ်ဂ်နဲ့အတူ အိုင်းယက်မှာလက်တွဲခဲ့ဖူးပြီး ယူနိုက်တက်မှာ ခြေစွမ်းပြသနိုင်မယ်လို့ ပရိသတ်တွေကမျှော်လင့်နေတာပါ။
မန်ယူနောက်ခံလူဟောင်းဖာဒီနန်ကတော့ အန်တိုနီဟာ မန်ယူအသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ အချိန်တစ်ခုလိုအပ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။
“ပြောင်းရွှေ့ကြေး မြင့်မားမှုက အားလုံးရဲ့စောင့်ကြည်မှုခံရနိုင်လို့ ဖိအားဖြစ်စေလိမ့်မယ်။ ပြီးတော့ ပတ်ဝန်းကျင်သစ်၊ ယဉ်ကျေးမှုအသစ်နဲ့ ကစားသမားသစ်တွေကြားမှာ အံဝင်ဖို့ကခက်ခဲလိမ့်မယ်။ ဒါတွေက အသင်းပြောင်းလာတဲ့ ကစားသမားတွေတိုင်း ကြုံတွေ့နေကျဖြစ်ပြီး ကိုယ်ရည် ကိုယ် သွေးနဲ့ စရိုက်လက္ခဏာ ကောင်းတွေရှိမှပဲ ဖြေရှင်းနိုင်တယ်။ ဒါက ကြီးမားတဲ့အရာပါ” လို့ ဖာဒီနန်ကပြောပါတယ်။
ဂျက်ဂရေးလစ်ရှ်ဟာ ဗီလာကနေ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ မန်စီးတီးကို ပြောင်းရွှေ့ပြီးနောက် ခြေစွမ်းပြဖို့ရုန်း ကန်ခဲ့ရတာကိုလည်း ဖာဒီနန်က ဥပမာပေးသုံးသပ်ပြောပါတယ်။