မွန်ဝန်ကြီးချုပ်ကို စစ်ကောင်စီက တရားပြန်စွဲပြီး ရုံးထုတ်

ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်က ချေဖျက်အမိန့်ချမှတ်ထားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ ရဲ့ ရွေးကောက်ပွဲအမှုတွေကို စစ်ကောင်စီက တရားပြန်စွဲပြီး သြဂုတ် ၃၀ ရက်နေ့မှာ ရုံးထုတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက DVB ကို ပြောပါတယ်။
ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နဲ့ အမှု ၂ မှု ဖွင့်လှစ်ခဲ့တာပါ။
အဲဒီအမှုအတွက် တရားစွဲအဖွဲ့အစည်း ခွင့်ပြုမိန့်မပါတာကြောင့် ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့မှာ ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်ကနေ အမှုတစ်ခုလုံးကို ချေဖျက်ကြောင်း အမိန့်ချမှတ်ခဲ့တာပါ။
ဒါပေမဲ့ စစ်ကောင်စီက အဲဒီအမှု ၂ မှုလုံးကို တရားစွဲအဖွဲ့အစည်း ခွင့်ပြုမိန့် လျှောက်ထားပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ရုံးပြန်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
“ဝန်ကြီးချုပ်ကို ရုံးပြန်ထုတ်ခဲ့တယ်၊ ဒီနေ့မှာတော့ ရှေ့နေပါဝါတင်တယ်လို့ သိရတယ်၊ စစ်ဆေးတာတော့ မရှိဘူး၊ ရုံးချိန်းထပ်ပေးတယ်၊ ဝန်ကြီးချုပ်ကတော့ ကျန်းကျန်းမာမာပဲ”လို့ တရားရုံးနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။စစ်ကောင်စီက တရားပြန်စွဲထားတဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရွေးကောက်ပွဲအမှုတွေကို လာမယ့် စက်တင်ဘာ ၆ ရက်နေ့ကို ထပ်မံချိန်းဆိုခဲ့တာ ဖြစ်ပြီး အဲဒီရုံးချိန်းမှာတော့ တရားလိုကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရွေးကောက်ပွဲအမှုတွေကို စစ်ကောင်စီ မော်လမြိုင်ခရိုင် အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော်က တရားလိုအဖြစ် ဆောင်ရွက်နေတာပါ။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ပုဒ်မ ၁၃၀(က)အတွက် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် အမိန့်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။