ကလေးမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကနေ တမူးမြို့ဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် ယာဉ် ၁ စီး လမ်းဘေးထိုးကျသွားပြီး တခြားယာဉ် ၁ စီး ပျက်စီးသွားကြောင်း ကလေး PDF က ပြောပါတယ်။
သြဂုတ် ၃၀ ရက် မနက် ၆ နာရီလောက်က စစ်ကောင်စီယာဉ်တန်း ကံသာယာရွာမှ တမူးမြို့ဘက် ဦးတည်ထွက်ခွာလာစဉ် ကံလှရွာရဲ့ တောင်ဘက် ကျွန်းစိုက်ခင်းအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကလေး PDF ရဲ့ တာဝန်ခံက “ကျနော်တို့ ကလေး PDF တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ရွာ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တွေက အသင့်တပ်ဆင်ထားတဲ့ မိုင်းတွဲတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြတာ။ ကား ၁ စီး လမ်းဘေးချောက်အတွင်း ထိုးဆင်းလဲကျသွားပြီး တခြား ၁ စီးမှာလည်း မိုင်းအပြင်းအထန် ထိမှန်ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
အဆိုပါယာဉ်တန်းမှာ စစ်ကောင်စီတပ်သားတွေအပြင် ပျူစောထီးအဖွဲ့ဝင်တွေလည်း ပါဝင်ကြောင်း သိရပြီး မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှု အတည်မပြုနိုင်သေးဘဲ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။
ဩဂုတ် ၂၉ ရက် ညနေ ၇ နာရီခွဲကလည်း ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရွာ ရဲစခန်းဝန်းအတွင်းကနေ ရွာမြောက်ဘက် ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့အင်အား ၂၀ လောက်ပါ ခြေလျင်စစ်ကြောင်းကိုလည်း PDF (Kalay) က မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ PDF Kalay က ထုတ်ပြန်ထားပါတယ်။
လတ်တလောမှာ ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေအနေနဲ့ ကလေးမြို့နယ်ဒေသအတွင်း ခရီးသွားလမ်းပိုင်းတွေကို အထူးဂရုစိုက်သွားလာကြဖို့ ကလေး PDF က မေတ္တာရပ်ခံထားပါတယ်။