ဆားလင်းကြီးတွင် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်း ၁၂ လုံး တွေ့ရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆာလင်းကြီးမြို့နယ်တနေရာကနေ စက်တင်ဘာ ၁ ရက်နေ့ မနက် ၉ နာရီလောက်က မြေမြှုပ်မိုင်း ၁၂ လုံး ရှာဖွေတွေ့ရှိခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အဖွဲ့အနေနဲ့ နယ်မြေလုံခြုံရေး ကင်းလှည့်လုပ်ငန်းလုပ်ဆောင်ရင်း အခုလိုတွေ့ရှိရတာလို့ အဖွဲ့တာဝန်ရှိသူ ကိုစွမ်းသူမောင်က ပြောပါတယ်။
“ဒါက ကျနော်တို့ ကာကွယ်ရေးတပ်တွေ သွားတဲ့လမ်းတွေမှာ ထောင်ခဲ့တာမျိုးမဟုတ်ဘူးဗျ။ ဒေသခံတောင်သူဦးကြီးတွေသွားတဲ့ နေရာမျိုးတွေမှာ ထောင်ခဲ့တာကို ရှာဖွေတွေ့ရှိခဲ့ရတာ။ မိုင်းမိ လို့ ဒေသခံတွေ သေဆုံးရင် PDF တွေက လုပ်ဆောင်တယ်လို့ ပုံစံဖြစ်အောင်လုပ်ပြီး ပြည်သူနဲ့ ကာကွယ်ရေးတပ်တွေနဲ့ သွေးခွဲတာမျိုး လုပ်တာလို့ပဲ ကျနော်ကတော့ မြင်တယ်ဗျ။ ပြည်သူကလည်း ၈၈ ကလို မအကြတော့ဘူး။ ဒီခေတ်မီမိုင်းတွေကို ဘယ်သူကလုပ်တယ်ဆိုတာကို ပြည်သူက သိတယ်။ ကျနော်တို့ PDF တွေကတော့ အခုလို ခေတ်မီမိုင်းသုံးနိုင်ဖို့ နေနေသာသာ တူမီးသေနတ်ပစ်နိုင်ဖို့ရာ ယမ်းတောင် ပြည့်စုံအောင် မဝယ်နိုင်ဘူး။ ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေအနေနဲ့လည်း ကျနော်တို့ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းအဖွဲ့ကို ကူကြ၊ လှူကြပေးပါဦး။”
ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်နေ့ကလည်း အခုလို စစ်ကောင်စီထောင်ခဲ့တဲ့ နင်းမိုင်း ၇၈ လုံးကို ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ခွဲဖြစ်တဲ့ Myanmar ချီဂွေဗားရားအဖွဲ့က ပူးပေါင်းဖြုတ်ယူသိမ်းဆည်းခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။