လိဂ် ၃ ပွဲဆက်တိုက်နိုင်ပွဲရခဲ့သည့် မန်ယူအသင်း အမှတ်ပေးဇယား အဆင့် ၅ ရောက်လာ

မနေ့ညက ကန်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က ဆန်ချိုရဲ့ သွင်းဂိုးနဲ့ လက်စတာကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပြီး ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက်အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့် ၅ အထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။
ရာသီအစပွဲစဉ် ၂ပွဲစလုံးရှုံးနိမ့်ခဲ့လို့ ဇယားအောက်ဆုံး အဆင့် ၂၀ မှာရပ်တည်ခဲ့ရတဲ့ မန်ယူ အသင်းဟာ နောက် ၃ ပွဲမှာတော့ ဆက်တိုက်အနိုင်ရခဲ့လို့ အဆင့် ၅ အထိတက်လှမ်းနိုင်ခဲ့တာပါ။
နောက်ဆုံး နှစ်ပွဲဆက်တိုက် ၁ ဂိုး ဂိုးမရှိရလဒ်တွေနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ၂ ပွဲဆက်တိုက် ပေးဂိုးမရှိခဲ့တဲ့ မန်ယူအသင်းခံစစ်ကိုလည်း ချီးကျူးနေကြပါတယ်။
မန်ယူအသင်းဟာ လီဗာပူးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ဆောက်သမ်တန်နဲ့ လက်စတာအသင်းတွေကို အဝေးကွင်းတွေမှာ အသီးသီးအနိုင်ယူခဲ့တာဖြစ်ပါတယ်။
နည်းပြတန်ဟတ်ဂ်ရဲ့ ပွဲထွက်လူစာရင်းမှာ ကတ်စမီရိုနဲ့ စီရော်နယ်ဒိုတို့ မပါဝင်ခဲ့လို့ ပွဲမတိုင်ခင်က ဝေဖန်မှုတွေရှိခဲ့ပေမဲ့ ပွဲချိန်မိနစ် ၆၀ကျော်မှာ လူစားဝင်ကစားစေခဲ့ပါတယ်။
မန်ယူအသင်းဟာ တနင်္ဂနွေနေ့မှာတော့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။