close

မူးယစ်ဆေးရောင်းဝယ်၊ သုံးစွဲသူများထံမှ ခြိမ်းခြောက်ငွေတောင်းသည့် ရဲတပ်ဖွဲ့ဝင် ၆ ဦး အပါအဝင် ၁၂ ဦး ဖမ်းဆီးခံရ

ရန်ကုန်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူတွေကို ဖမ်းဆီးအရေးမယူဘဲ ငွေကျပ် သိန်း ၇၀၀ ကျော်ဖိုး ခြိမ်းခြောက်ငွေကြေးတောင်းယူခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၆ ဦး၊ ရဲပြေး ၁ ဦးနဲ့ တခြား   အမျိုးသား ၅ ဦး စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့  စစ်တပ်သတင်းမှန်ပြန်ကြားရေးက စက်တင်ဘာ ၂ ရက်မှာ သတင်းထုတ်ပါတယ်။

အကျင့်ပျက်ဝန်ထမ်းတချို့နဲ့ မသမာသူတွေက မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းဝယ်သူတွေကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်အဖြစ် အယောင်ဆောင်ပြီး ခြိမ်းခြောက် ငွေတောင်းနေတယ်ဆိုတဲ့  သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အသွင်ယူ စုံစမ်းထောက်လှမ်း စောင့်ဆိုင်း ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။

ဩဂုတ် ၂၈ ရက်ညက ဗဟန်းမြို့နယ်၊ ရေတာရှည် လမ်းဟောင်းမှာ အမျိုးသား၂ ဦး၊ ရန်ကင်းမြို့နယ်၊ “Real Link” Hotel မှာ အမျိုးသား၂ ဦးနဲ့ ရဲပြေးရဲတပ်သား ၁ ဦး၊ ကိုယ့်မင်းကိုယ့်ချင်းလမ်းနေ အမျိုးသား၁ ဦး စုစုပေါင်း  ၆ ဦး ကို စတင်ဖမ်းဆီးရမိခဲ့တာပါ။

အဆိုပါဖမ်းဆီးရမိသူ ၆ ဦးရဲ့ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချသူတွေထံက ခြိမ်းခြောက်ငွေကြေးတောင်းခံရာမှာ ဗဟန်းမြို့မရဲစခန်းမှ ရဲတပ်သား ၄ ဦးနဲ့ ကမာရွတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သား ၂ ဦးတို့ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြကြောင်း သိရလို့ အဆိုပါ ရဲတပ်ဖွဲ့ဝင် ၆ ဦးကို သက်ဆိုင်ရာရဲစခန်းတွေမှာ  ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ခြိမ်းခြောက်ငွေတောင်းခံမှု စုစုပေါင်း ၁၄  ကြိမ်မှာ  ငွေကျပ် ၇၀၇ သိန်း ၃ သောင်းရရှိ ခွဲဝေသုံးစွဲခဲ့ကြတာစစ်ဆေးတွေ့ရှိတဲ့အတွက် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ရော  ရာဇသတ်ကြီး ဥပဒေအရပါ ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက် နေတယ်လို့ စစ်တပ်သတင်းမှာ ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေးအပါအဝင် တခြားမြို့ကြီးတော်တော်များများမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲမှုတွေကို ထိန်းချုပ်တာ မရှိတော့တဲ့အတွက် မူးယစ်ဆေးဝါးတွေ ပုံစံမျိုးစုံနဲ့ အရင်ကထက် ပိုမို ပေါပေါများများ ထွက်ပေါ်နေပြီး KTV၊ နိုက်ကလပ်နဲ့ ရပ်ကွက်တွေထဲအထိ  ပေါ်ပေါ်တင်တင် ရောင်းချသုံးစွဲလာနေကြပါတယ်။။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up