close

နမ္မတူဘော်တွင်းနှင့် ကျားစခန်းသွားလမ်းတွင် စွန့်ပစ်မြေစာပြိုကျနေသဖြင့် သွားလာရေးခက်ခဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ဘော်တွင်းသတ္တုတွင်းနဲ့ ကျားစခန်းကျေးရွာတို့ကို ဆက်သွယ်ထားတဲ့လမ်းပိုင်းမှာ သတ္တုရှာဖွေရေးကုမ္ပဏီတွေက တူးဖော်ထားတဲ့မြေစာတွေကို စနစ်တကျ မစွန့်ပစ်တာကြောင့် မိုးရွာတဲ့အခါ မြေစာပုံပြိုကျပြီး လမ်းပေါ် ဖုံးလွှမ်းကုန်လို့ ဒေသခံတွေ သွားလာရေးခက်ခဲနေပါတယ်။

နမ္မတူဒေသခံတဦးက “ဘော်တွင်းနဲ့ ကျားစခန်းကြားက လမ်းကတော့ မြုပ်သွားပြီ။ ကုမ္ပဏီက စွန့်ထားတဲ့ မြေစာတွေက မိုးရွာတော့ ပြိုကျလာပြီး လမ်းပေါ်အကုန်ဖုံးကုန်တယ်။ လမ်းက မြေစာအောက် လုံးဝမြုပ်သွားပြီ။ ကျောင်းသားတွေ ဈေးသည်တွေ ပြည်သူလူထုတွေသွားရေး လာရေး အရမ်းကို ခက်ခဲနေတယ် ” လို့ ပြောပါတယ်။

သတ္တုရှာဖွေရေးကုမ္ပဏီတွေရဲ့ စွန့်ပြစ်မြေစာတွေကြောင့် ဘော်တွင်း- ကျားစခန်းလမ်းပိုင်းအပြင် ကျားစခန်းကျေးရွာပြည်သူတွေ သောက်သုံးရေအဖြစ် အသုံးပြုနေတဲ့ ရေဦးရေထွက်နေရာတွေပါ ထိခိုက်ပျက်ဆီးနေတယ်လို့ ဆိုပါတယ်။

“ကုမ္ပဏီတွေက သတ္တုရှာပြီး မြေစာတွေကို ပရမ်းပတာစွန့်ပြစ်ခဲ့တယ်။ မိုးရာသီရောက်လို့ မိုးကရွာတော့ မြေစာတွေက မိုးရေနဲ့ အတူမျောပါလာပြီး ပြည်သူတွေ သောက်သုံးနေတဲ့ ရေဦးရေထွက်ရေလှောင်ကန်ထဲတွေကို စီးဝင်လာတယ်။ အရင်က သန့်ရှင်းပြီး ကြည်လင်နေတဲ့ ရေဟာ အခုတော့ မြေကြီးအရာင်ပေါက်သွားပြီ သန့်ရှင်းမှုမရှိတော့ဘူး။ သောက်သုံးရ ခက်ခဲနေတယ်” လို့ ဒေသခံက ပြောပါတယ်။

ဘော်တွင်း-ကျားစခန်းက ပြည်သူတွေ အခုလို သွားရေးလာရေးနဲ့ သောက်သုံးရေးခက်ခဲနေတာတွေကို ဖြေရှင်းပေးဖို့ သက်ဆိုင်ရာတွေကို တင်ပြတာတွေရှိခဲ့ပေမယ့် သတ္တုတူးဖော်ရေးနဲ့ ရှာဖွေရေးကုမ္ပဏီတွေဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ ပတ်သက် နေတာကြောင့် ဘယ်ဌာနဆိုင်ရာမှ ဖြေရှင်းဆောင်ရွက်ပေးတာမရှိဘူးလို့ ဆိုကြပါတယ်။

“သတ္တုတွင်းတာဝန်ရှိသူကလည်း စစ်တပ်ကထွက်လာတဲ့ စစ်သားဟောင်းအရာရှိ၊ ပြီးတော့ သတ္တုရှာဖွေတူးဖော်ရေးကုမ္ပဏီတွေကလည်း စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ဟာတွေပဲ။ ဒီတော့ ကျနော်တို့ရွာသားတွေက အခက်အခဲတွေကို ဖြေးရှင်းပေးဖို့ တင်ပြပေမယ့် ဘယ်သူမှ ဘာမှလုပ်မပေးဘူး” လို့ ဒေသခံက ဆက်ပြောပါတယ်။

နမ္မတူဘော်တွင်းသတ္တုတူးဖော် သန့်စင်ထုတ်လုပ်ရေးလုပ်ငန်းကို သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၀ ပြည့်နှစ်က အစိုးရသတ္တုတွင်းဝန်ကြီးဌာနကနေ အေးရှားဝေါးလ်ကုမ္ပဏီလက်အောက်ခံ ဝင်းမြင့်မိုရ်ကုမ္ပဏီကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up