close

တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၂၀ သေ၊ ၁၅ ဦးထိခိုက်ဒဏ်ရာရဟု NUG ပြော

စက်တင်ဘာ ၄ ရက် မနေ့က တရက်တည်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင်အယောက် ၂၀ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၁၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ပြီးခဲ့တဲ့ ဇွန် ၇ ရက်ကနေ ဇူလိုင် ၆ ရက်အထိ ၁ လတာကာလအတွင်း စစ်ကောင်စီဘက်က ၁,၉၇၅ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်က အယောက် ၈၉၀ ထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော် ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားတာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up