close

ရဟတ်ယာဉ်အမှု ဆက်လက်ရုံးထုတ်၊ လူကယ်ပြန် အမြဲတမ်းအတွင်း၀န်ကို စစ်ဆေး

ရဟတ်ယာဉ်၀ယ်တာ၊ ငှားရမ်းတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိမှုတွေကို စက်တင်ဘာလ ၅ ရက်နေ့က နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးမှာ ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ လူကယ်ပြန်၀န်ကြီးဌာနက အမြဲတမ်းအတွင်း၀န် ဦးကိုကိုနိုင်ကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ၀ယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

မနက်ဖြန် စက်တင်ဘာလ ၆ ရက်နေ့ ရုံးချိန်းမှာ မနက်ပိုင်းကို ရဟတ်ယာဉ်အမှု ဆက်လက်စစ်ဆေးပြီး နေ့လယ်ပိုင်းမှာ ဦးမောင်ဝိတ်နဲ့ပတ်သက်တဲ့ အဂတိမှုကို စစ်ဆေးမယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up