close

ရေးမြို့နယ်တွင် ငါးဖမ်းရာသီစတင်၊ ငါးဖမ်းလှေထက်ဝက်ခန့်သာ လုပ်ငန်းခွင်ဝင်နိုင်

မွန်ပြည်နယ် ရေးမြို့နယ်မှာ ရေလုပ်ငန်းပစ္စည်းဈေး ကြီးမြင့်မှုနဲ့ ရေလုပ်သား ရှားပါးမှုကြောင့် ပင်လယ်ငါးဖမ်းရာသီ ပြန်လည်စတင်လာပေမယ့်  ငါးဖမ်းလှေထက်ဝက်နီးပါးလောက်သာ လုပ်ငန်းခွင် ဝင်ရောက်နိုင်တယ်လို့ ငါးဖမ်းသမားတွေက ပြောပါတယ်။

ငါးဖမ်းရာသီ စတင်ခဲ့ပေမယ့် ငါးဖမ်းလှေမှာ ပင်လယ်ထွက်နိုင်တဲ့ လှေက ၆၀ ရာခိုင်နှုန်းလောက်သာ ထွက်ရှိနိုင်သေးတယ်လို့ ငါးဖမ်းလုပ်ငန်းတဦးက ပြောပါတယ်။

“အခုက ရေလုပ်သားတွေရဲ့ ရှားပါးမှုရယ်၊ ရေလုပ်ငန်းသုံးပစ္စည်းတွေ ဈေးတွေ ကြီးမြင့်တယ်။ တခါစက်သုံးဆီ အပါဝင် ဈေးတက်တော့ အရင်းအနှီးက ကြီးတယ်။ တခြားအကြောင်းအမျိုးမျိုးတွေကြောင့် ပင်လယ်ထဲ ထွက်ဖို့ နောက်ကျရခြင်းဖြစ်တယ်။” 

ဒါ့အပြင် လိုင်စင်မရှိတဲ့ ငါးဖမ်းစက်လှေတွေများပြီး  ငါးလာရောက်ဖမ်းယူတဲ့ လှေများတဲ့အတွက် ငါးမရဘဲ စရိတ် ကျပ်သိန်းချီ ဆုံးရှုံးမှုတွေ ကြုံတွေ့နေရတယ်လို့ လုပ်ငန်းရှင် နောက်တဦးက ပြောပါတယ်။ 

အခုနှစ် ငါးဈေးဟာ  အရင်ငါးဈေးတွေထက် ဈေးနှုန်းအပြောင်းလဲတွေ ရှိလာပေမယ့် လက်ရှိမှာ  ငါးဈေးကွက်ဟာ အရင်က ရာသီတွေထက် အဝင်နည်းပြီး အရောင်းအဝယ်ပါ အေးနေတယ်လို့ ဆိုပါတယ်။

အိမ်ရှင်မတဦးကလည်း  “အခု ငါးတွေ ဝယ်စားရတာ ငါးစျေးက ငါးအမျိုးအစားတွေအလိုက် ဈေးတွေ ကျပ်ထောင်ဂဏန်းသာ တက်သွားတယ်။ အရင်ကလို ငါးစျေးတွေ မပေါသေးဘူး” လို့  ပြောပါတယ်။

ငါးဖမ်းလုပ်ငန်းကို မွန်ပြည်နယ်အတွင်းက ရေး၊  ကျိုက္ခမီ ပင်လယ်ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကိုင်ကြတာပါ။ 

နှစ်စဉ် ကမ်းနီးကမ်းဝေးငါးဖမ်းလှေတွေ ရာနဲ့ချီရှိသလို ရေလုပ်ငန်းသားထောင်နဲ့ချီ  ငါးဖမ်းလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်နေကြတာပါ။ 

စက်တင်ဘာလ ၁ ရက်ကစပြီး ငါးဖမ်းရာသီပြန်လည်ဖွင့်လှစ်ထားပြီ ဧပြီ ၁ ရက်ကနေ ဇွန‌ေ ၃၀ ရက်နေ့အထိ ငါးမဖမ်းရ ကာလအဖြစ် သတ်မှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up