close

အာဏာသိမ်း ၁ နှစ်ခွဲကျော်အတွင်း စစ်တပ်ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူ ၂၂၆၅ ဦးထိ ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၂၆၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၃၅၃ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၂၅၂ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၄၃၀ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရ သူ အရေတွက်ကတော့ ၈၃ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၅ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လွတ်လာသူဦးရေကတော့ ၃,၀၇၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၆၀ ခုထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ကိုကျော်သီဟစိုးကို အိုးဘိုအကျဉ်းထောင်တွင်း အထူးတရားရုံးကနေ ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်မှာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တဲ့အပြင် တခြားသပိတ်အဖွဲ့ဝင် ၃ ယောက်ဖြစ်ကြ တဲ့ ကိုဟိန်းမင်းဇော်၊ ကိုကျော်စိုးမိုးနဲ့ မဂျာဆိုင်းအောင်တို့ကိုလည်း အိုးဘိုအကျဉ်းထောင်တွင်း အထူးတရားရုံးကပဲ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ စက်တင်ဘာလ ၁ ရက်မှာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် ကိုအောင်နိုင်သူကိုလည်း အိုးဘို အကျဉ်းထောင်တွင်း အထူးတရားရုံးကနေ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ပြီးခဲ့ တဲ့ စက်တင်ဘာ ၁ ရက်က  ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ကိုအောင်နိုင်သူဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေ ၁၂ ရက်က မန္တလေးဆန္ဒပြသပိတ်စစ်ကြောင်း ဖြိုခွင်းခြင်းခံရချိန်မှာ ဖမ်းဆီးခံခဲ့ရတာ  ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up