တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ ၆၅ ဦး သေဆုံး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ ပေကျင်းစံတော်ချိန် စက်တင်ဘာ ၅ ရက် မနက် ၁၂ နာရီ ၅၂ မိနစ်မှာ ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့လို့ သေဆုံးသူ ၆၅ ဦးအထိ တိုးလာပြီး စက်တင်ဘာ ၆ ရက် မနက်ပိုင်းအထိ အနည်းဆုံး လူ ၁၇၀ ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
ငလျင်ဒဏ်သင့် လူဒင်ကောင်တီရှိ အပျက်အစီးတွေထဲက အသက်ရှင် ကျန်ရစ်သူတွေကို ကယ်ဆယ်နိုင်ရေးအတွက် အချိန်နဲ့အမျှ အပြိုင်အဆိုင် ကြိုးပမ်းနေကြရပါတယ်။
လူဒင်ကောင်တီကို စီမံအုပ်ချုပ်တဲ့ ကန်စီတိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရှိ ငလျင်ကယ်ဆယ်ရေးဌာနချုပ်ဟာ လူသေဆုံးရတဲ့ သဘာဝဘေးအန္တရာယ်အတွက် အမြင့်ဆုံးသော အရေးပေါ်တုံ့ပြန်မှုအဆင့်ကို စတင်လိုက်ပါတယ်။
စီချွမ်ပြည်နယ် စစ်ဌာနချုပ်ကနေ စေလွှတ်လိုက်တဲ့ စစ်သား ၄၀၀ ကျော်ဟာ ကျွမ်းကျင် ကယ်ဆယ်ရေး ခွေးတွေနဲ့အတူ မော့ရှီးမြို့ကို ကယ်ဆယ်ရေး ဆောင်ရွက်ဖို့ အပြေးအလွှား သွားခဲ့ကြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့မှာ အဆင့်မြင့်ထောက်လှမ်းရေးကိရိယာတွေနဲ့ ကျဉ်းမြောင်းတဲ့နေရာတွေမှာ ထိုးသွင်းဖို့ အသုံးဝင်တဲ့ ဟိုက်ဒရောလစ်-ပရက်ရှာ ဖြန့်စက်ကိရိယာတွေ တပ်ဆင်ပေးထားပါတယ်။
သူတို့ကို အဖွဲ့ ၂၀ ကျော်လောက် ခွဲပြီး ထိခိုက်ပျက်စီးနေတဲ့ ကျေးရွာတွေရှိ နေအိမ်တွေမှာ ကျန်ရစ်သူတွေကို တအိမ်တက်ဆင်း ရှာဖွေခဲ့ကြပါတယ်။
အပြင်ဘက်ကိုထွက်တဲ့ တခုတည်းသောလမ်းမှာ ကျောက်တုံးတွေ ပြုတ်ကျနေလို့ ကယ်ဆယ်ရေးသမားတွေဟာ ရေစီးသန်တဲ့ ရေပြင်ပေါ်မှာ ယာယီတံတားတွေ ထိုးပြီးမှ ရွာတွေဆီ အရောက်သွားကြရပါတယ်။
နောက်ထပ်အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ဒေသဆိုင်ရာအာဏာပိုင်တွေဟာ မုန်တိုင်းဒဏ်ခံ ဒေသဆီ နောက်ထပ် စစ်ကူတွေကို စေလွှတ်ဖို့ရှိပါတယ်။
ငလျင်ဗဟိုချက်ဟာ လူဒင်ခရိုင်ရုံးကနေ ၃၉ ကီလိုမီတာ ကွာဝေးပြီး ငလျင်ဗဟိုချက်တဝိုက် ၅ ကီလိုမီတာ အကွာအဝေးအတွင်းမှာ ရွာပေါင်းများစွာ ရှိနေပါတယ်။