ဘာလင်တွင် အစိုးရ၏ စွမ်းအင်မူဝါဒကို ပြည်သူများ ဆန္ဒပြ

ဂျာမနီနိုင်ငံ မြို့တော်ဘာလင်မှာ နေထိုင်သူတွေဟာ စွမ်းအင်စျေးနှုန်း မြင့်တက်မှုကို တားဆီးနိုင်ရေးအတွက် ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ စက်တင်ဘာ ၅ ရက်က ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ “Nord Stream Gas Pipeline ကိုဖွင့်ပါ” နဲ့ နေတိုး-အလိုမရှိ စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပြီး ဂျာမန်အစိုးရကို သူ့ရဲ့နိုင်ငံခြားရေးမူဝါဒကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုခဲ့ပါတယ်။
“ရုရှားနဲ့ စီးပွားရေးစစ်ပွဲကို ဆင်နွှဲခဲ့ပေမယ့် ရုရှားနဲ့ ယူကရိန်းကြားက ပဋိပက္ခကို မရပ်တန့်ခဲ့သလို ရုရှားကို ထိခိုက်မှုလည်း မရှိခဲ့ဘဲ သန်းနဲ့ချီတဲ့ ဂျာမန်တွေကို ထိခိုက်ခဲ့တယ်” လို့ ဂျာမန် ပါလီမန်အမတ် Sevim Dagdelen က ပြောပါတယ်။
အခု ဂျာမနီနဲ့ EU တို့ဟာ သဘာဝဓာတ်ငွေ့ ပြတ်လပ်နေတာကြောင့် Nord Stream-2 ပရောဂျက်ကို စတင်သင့်ပြီး ပဋိပက္ခအတွက် အဖြေရှာဖို့ ရုရှားနဲ့ တွေ့ဆုံဆွေးနွေးတာ ပိုကောင်းမှာ ဖြစ်ကြောင်းနဲ့ အခု ဂျာမနီက ရုရှားနဲ့ တရားဝင် တွေ့ဆုံဆွေးနွေးမှု လုံးဝမရှိသေးတာဟာ အမှားကြီးတခု ဖြစ်ကြောင်း ဆန္ဒပြသူတဦးက ပြောပါတယ်။
တခြားသူတွေကလည်း ဈေးနှုန်း ၃ ဆ ၄ ဆ တိုးလာတဲ့ သူတို့ရဲ့ ဓာတ်အားခ ငွေတောင်းခံလွှာတွေကို ပေးဆောင်ဖို့ကို စိုးရိမ်နေကြတဲ့ ပြည်သူအများစုရဲ့ ကြောက်ရွံ့မှုကို မီးမောင်းထိုးပြခဲ့ကြပြီး ပြန့်ပွားလာနေတဲ့ အကျပ်အတည်းကို သက်သာစေဖို့အတွက် အစိုးရက စစ်မှန်တဲ့ မူဝါဒချမှတ်ပြီး အရေးယူ ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဥရောပဟာ ရုရှားအပေါ် အမေရိကန် ဦးဆောင်တဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် ဒုက္ခရောက်နေရတာကြောင့် စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်နေမှုကို တည်ငြိမ်စေဖို့ လိုအပ်ချက်အပေါ် ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှု ကြီးထွားလာချိန်မှာ ဆန္ဒပြမှု ပေါ်ပေါက်လာတာပါ။
စွမ်းအင်စျေးနှုန်းတွေဟာ သြဂုတ်လမှာ ၃၅ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ဂျာမနီနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားမှုနောက်ကွယ်က အကြီးမားဆုံး အကြောင်းအရင်း ဖြစ်ပါတယ်။