close

ပင်လယ်ဘူး၌ လေကြောင်း တိုက်ခိုက်၊ တင်သားကျေးရွာသူ ၃ ဦး လက်နက်ကြီး ထိမှန်

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်မှာ  စက်တင်ဘာ ၈ ရက် နေ့လယ်က  တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေယာဉ် နှစ်စီးနဲ့  ပစ်ခတ်သွားတဲ့အပြင်  စစ်သည်တွေလည်း လာပို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ တဦးက “နေ့လယ်ပိုင်းက ပင်လည်ဘူးနယ် ဟဲသတ်ရွာနဲ့ ပန်းခူးရွာကြား တိုက်ပွဲ ပြင်းထန်ခဲ့တယ်။ ညနေပိုင်းကြ  MI-35 နှစ်စီးနဲ့ လာပစ်ပြီး စစ်သားတွေ လာချတယ်”လို့ ပြောပါတယ်။

လတ်တလော  တိုက်ပွဲတွေကြောင့် ပင်လည်ဘူးမြို့ခံတွေ ထွက်ပြေးရပြီး စစ်ကောင်စီတပ်က ဒေသခံ တချို့ကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ် မီးရှို့ဖျက်ဆီးတာ၊ တန်ဖိုးရှိပစ္စည်းတွေ ခိုးယူနေကြတယ်လို့  ဒေသခံ တယောက်က ပြောပါတယ်။

အရင်တပတ်က ပင်လည်ဘူးနယ်ထဲမှာ ဖောင်းပြင်က SNA ရှမ်းနီတပ်ဖွဲံ ထိပ်ပိုင်းခေါင်းဆောင်တယောက် မှာယူထားတဲ့ ဘက်ဟိုး (မြေကော်ကား) တစီးနဲ့ လာပို့တဲ့ကားပါ PDF တွေက သိမ်းဆည်းခဲ့တယ်လို့ဒေသခံတွေထံက သိရပါတယ်။

အဲဒီနေ့ ညနေပိုင်းမှာ  စစ်ကိုင်းတိုင်း ကလေးမြို့နယ် တင်သားရွာအမှတ် ၂ ရပ်ကွက်က ဒေသခံအမျိုးသမီး တယောက်ရဲ့‌ နေအိမ်ဝင်းထဲ လက်နက်ကြီး ကျခဲ့ပြီး နေအိမ်မှာရှိတဲ့ အမျိုးသမီး သုံးယောက် ထိခိုက်ဒဏ်ရာ ရရှိကာ ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

"လက်နက်ကြီးနဲ့ ပစ်တာ။ ရွာထဲက ဒေါ်နုစိန်အိမ် ကျသွားတာ။ အဲဒီအိမ်မှာ အမျိုးသမီး သုံးဦး ထိခိုက် ဒဏ်ရာရသွားတာ။ နှစ်ယောက်ကလက်မောင်းနဲ့ ခြေထောက်တွေမှာ။ တစ်ယောက်က ပခုံးနဲ့ရင်ဘတ်မှာ။ အဲဒီအမျိုးသမီး သုံးယောက်ထဲမှာ နှစ်ယောက်က သားအမိတွေ။  သမီးဖြစ်သူမှာ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ နေအိမ်ကမှန်တံခါးတွေလည်း ကွဲသွားတယ်”

လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီးတွေဟာ ကလေးမြို့ တပ်မတော်စစ်ဆေးရုံ မှာ ဆေးကုသမှုခံယူနေရပါတယ်။ 

တင်သားရွာရဲ့ တောင်ဘက်ကြံသာကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပျူစောထီးတပ်ဖွဲ့ဝင်တွေက ၃ မိုင်လောက်ကွာဝေးတဲ့ တင်သားကျေးရွာဘက်ကို ပြည်သူ့ကာကွယ်ရေးတပ်သားတွေရှိတယ်အထင်နဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တင်သားကျေးရွာဘက်ကို ကြံသာကျေးရွာမှာ‌ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့က မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိပြီး ဒေသခံတွေ ထိခိုက်ဒဏ်ရာ ရတာ၊ နေအိမ်တွင် ထိခိုက်ပျက်စီးတာ၊ တိရစ္ဆာန်တွေ သေဆုံးတဲ့တာတွေ ရှိခဲ့ပါတယ်။

အဆိုပါ တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က  သတင်းထုတ်ပြန်တာ မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up