close

ထိုင်းလေဆိပ်တွင် ဒေါ်လာအတုမိ၍ ပြစ်ဒဏ်ကျခံနေရသည့် မြန်မာအမျိုးသမီး ၂ ဦး ပြန်လွတ်

ထိုင်းနိုင်ငံ ဘန်ကောက် သုဝဏ္ဏဘုမိနိုင်ငံတကာလေဆိပ်မှာ ဒေါ်လာအတုမိပြီး အကျဉ်းကျခံနေရတဲ့ မြန်မာအမျိုးသမီး ၂ ယောက်ဟာ မနေ့ စက်တင်ဘာ ၈ ရက်က အမှုကလွတ်မြောက်ခဲ့ပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလက မြန်မာအမျိုးသမီး ၄ ‌ယောက်ဟာ ဝေယံထူးအေဂျင်စီရဲ့ စီစဉ်ပေးမှုနဲ့ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာခဲ့ပြီး လေဆိပ်မှာ ရှိုးမန်းနီးအနေနဲ့  အေဂျင်စီက ထည့်ပေးလိုက်တဲ့ ဒေါ်လာငွေတွေ ပြလိုက်ရာမှာ အတုတွေဖြစ်နေတာမို့ အဖမ်းခံခဲ့ရတာပါ။

အဆိုပါအမှုကို မြန်မာသံရုံးက ဧပြီ ၁၈ ရက်မှ သိရပြီး ပြန်လည်လွတ်မြောက်ဖို့ ကူညီဆောင်ရွက်ပေးရာမှာ ထွက်ဆိုချက်ပေါ်မူတည်ပြီး ၂ ယောက်က မေလမှာ လွတ်မြောက်ခဲ့ပေမဲ့ နောက် ၂ ယောက်က မလွတ်မြောက်ခဲ့ပါဘူး။

ပထမ ၂ ယောက်က အဆိုပါဒေါ်လာဟာ သူတို့ဟာမဟုတ်ဘူးလို့ ထွက်ဆိုပြီး နောက် ၂ ယောက်ကတော့ သူတို့ဟာပါလို့ ပြောတဲ့အတွက် ဒေါ်လာအတုပြုလုပ်သူအဖြစ် ပုဒ်မ ၂၄၀ ထပ်တိုး တရားစွဲခံခဲ့ရတာပါ။

သူတို့ ၄ ယောက်ဟာ အေဂျင်စီတခုတည်းကနေ တရက်တည်း တချိန်တည်း ထွက်လာပြီး ဒေါ်လာကိုလည်း အေဂျင်စီက စာအိတ်ထဲမှာ တယောက်ကို ရာတန် ၅ ရွက်စီ ထည့်လာပေးတာချင်းအတူတူ ပထမ ၂ ယောက်က လွတ်မြောက်ပြီး နောက်ထပ် ၂ ယောက်က ထောင်ဆက်ကျနေရတာ မတရားတဲ့အတွက် မြန်မာသံရုံးအနေနဲ့ ဆက်လက်ငြင်းဆို ရင်ဆိုင်ပေးလို့ မနေ့က အမှုနိုင်ပြီး လွတ်မြောက်ခဲ့ပြီလို့ အဆိုပါအမှုကို လိုက်လံ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“၄ ယောက်လုံးက တကြိမ်တည်း တရက်တည်းမှာပဲ သုဝဏ္ဏဘူမိလေဆိပ်မှာ မိတာကို ပုဒ်မတခုတည်း ဖြစ်ရမှာလေ၊ အဲဒါကို ပုဒ်မထပ်တိုးလို့ ကျနော်တို့ဘက်က ပြန်ဖြေရှင်းရင်းနဲ့ အချိန်ကြာသွားတာပါ။ တရားရုံးမှာ ဆုံးဖြတ်ချက်ချတာကတော့ မနေ့ (၈ ရက်နေ့) က ၁၀ နာရီ ၁၅ မိနစ်မှာပါခင်ဗျ။ ပထမအမှု ဒေါ်လာလက်ဝယ်တွေ့မှုမှာ ဘတ်ငွေ ၅၀,၀၀၀ ပြစ်ဒဏ်ထိတယ်။ ဒါပေမဲ့ သူတို့က ထောင်ထဲမှာ လနဲ့ချီနေခဲ့ရတော့ တနေ့ ၅၀၀ ဘတ်နှုန်း ပြန်နှုတ်ပေးတော့ ဒဏ်ငွေကျေသွားတယ်၊ ၅၀,၀၀၀ ဆောင်ဖို့ မလိုတော့ဘူးပေါ့”

တရားရုံးက လွတ်မြောက်ဖို့ အမိန့်ချပြီးတဲ့နောက် လုပ်ထုံးလုပ်နည်းအရ သူတို့ကို IDC ရုံးကို ပို့ပြီး မြန်မာနယ်စပ်ကနေတဆင့် ပြန်ပို့မယ်လို့ ဆိုပါတယ်။

သူတို့ဟာ ပတ်စ်ပို့စာအုပ်နဲ့ တရားဝင် ဝင်ရောက်လာပေမဲ့ ရောက်ရောက်ချင်း လေဆိပ်မှာ အမှုဖြစ်တဲ့အတွက် ပြည်ဝင်ခွင့်ဗီဇာလည်း ပိတ်သွားပြီး တရားမဝင် ဝင်လာသူအနေနဲ့ နယ်စပ်ကနေ ပြန်ပို့ခံရတာ ဖြစ်ပါတယ်။

အခုလိုဖြစ်ရတာဟာ ပြည်ပထွက်မယ့်သူတွေကို ဝန်ဆောင်မှုပေးနေတဲ့ အေဂျင်စီတွေမှာ တာဝန်ရှိကြောင်း၊ ကာယကံရှင်တွေလည်း အဘက်ဘက်က သေချာသတိထား စိစစ်သင့်ကြောင်း၊ ပြည်ပနိုင်ငံမှာ အခက်အခဲရှိရင် သက်ဆိုင်ရာ မြန်မာသံရုံးကို အမြန်ဆုံး အကြောင်းကြားဖို့လည်း လိုအပ်တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up