close

ပါကစ္စတန်တွင် ရေကြီးမှုကြောင့် ‌ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေး

ပါကစ္စတန်နိုင်ငံမှာ ရေကြီးရေလျှံမှုတွေ မြင့်တက်လာတာကြောင့် စက်တင်ဘာ ၈ ရက်က အကြီးဆုံး ရေချိုအိုင်ဖြစ်တဲ့ မန်ခါရေကန်အနီးမှာ နေထိုင်ကြတဲ့ ရွာသားတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

နောက်ထပ်သေဆုံးသူ ၁၂ ယောက်ရှိခဲ့ပြီး သေဆုံးသူ ၁,၃၅၅ ယောက် ရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ရာသီဥတု ဖောက်ပြန်မှုကြောင့် ထောင်ပေါင်းများစွာသောလူတွေ နေအိမ်တွေကနေ စွန့်ခွာခဲ့ကြရပြီး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံလောက် ဆုံးရှုံးခဲ့ရတဲ့အပြင် လူဦးရေ သန်း ၂၂၀ ရှိတဲ့နိုင်ငံက လူပေါင်း ၃၃ သန်းနီးပါးရဲ့ဘဝတွေ အခက်အခဲ ဖြစ်ကုန်ရတာပါ။

ဘေးဒဏ်အဆိုးဆုံးခံရတဲ့ ဒေသတခုဖြစ်တဲ့ ဆင်းဒ်န်ပြည်နယ် တောင်ပိုင်းမှာ လူတွေဟာ ဘန်း ဆေဒါ့ဗာဒ်မြို့ကို ခြိမ်းခြောက်နေတဲ့ လက်ရှိ ရေလွှမ်းမိုးမှုတွေကို တားဆီးဖို့ ရှိထားပြီးသား တာတမံတွေကို ခိုင်ခံ့အောင် လုပ်ဆောင်နေကြပါတယ်။

အနီးနားကျေးရွာတွေက ဒေသခံတွေဟာ နေအိမ်တွေကို စွန့်ခွာထွက်ပြေးကြတာကြောင့် မြို့ပြင်လမ်းကျဉ်းမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

တညလုံး ရေမြုပ်နေတဲ့ အနီးနားရှိ နေအိမ်မှ အသက် ၂၅ နှစ်အရွယ် ဒေသခံ ရွာသား အဗ္ဗဒူလ်ဖာဟင်မ် ပြောတာကတော့ ချမ်းသာတဲ့သူတွေကို ကယ်ဆယ်ဖို့ ရဟတ်ယာဉ်တွေ အဆင်သင့်ရှိပြီး လှေတွေကလည်း သူတို့ကိုကယ်ဆယ်ဖို့ လာတာဖြစ်ကြောင်း၊ သူကတော့ မိသားစုကိုကယ်ဆယ်ဖို့ ရူပီး ၂,၀၀၀ နဲ့ လှေငှားခဲ့ရတယ်လို့ ဆိုပါတယ်။

မန်ခါ ရေချိုကန်ကြီးကလည်း သူ့ရဲ့ကမ်းပါးတွေ ကျိုးပေါက်ကျတော့မယ့် အန္တရာယ်နဲ့ နီးကပ်နေပြီး နောက်ထပ် ရေကြီးရေလျှံမှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် အာဏာပိုင်တွေက ရေတွေဖောက်ထုတ်နေပေမဲ့ ရေမျက်နှာပြင်က မြင့်မားနေဆဲ ဖြစ်ပါတယ်။

ဒီရေဘေးအတွက် ကုလသမဂ္ဂက ဒေါ်လာ သန်း ၁၆၀ အကူအညီပေးဖို့ တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ရေဘေးသင့် ဒေသတွေကို သွားရောက်ပြီးတော့ အဆင့်မြင့်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ့် ၂ ရက်တာ ခရီးစဉ်ကို စက်တင်ဘာ ၉ ရက်နေ့ စတင်မှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up