ကိုရီးယားကျွန်းဆွယ်ပြဿနာကို နိုင်ငံရေးအရအဖြေရှာရန် တွန်းအားပေးမည်ဟု တရုတ်ပြော

မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားလက်နက် အသုံးပြုမှုဆိုင်ရာ ဥပဒေသစ်တရပ်ကို အတည်ပြုပြီးနောက်မှာ ဘေကျင်းဟာ ကိုရီးယားကျွန်းဆွယ်ပြဿနာကို နိုင်ငံရေးအရ အဖြေရှာဖို့ ဆက်လက် တွန်းအားပေးသွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကိုရီးယားကျွန်းဆွယ်အရေးနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ရပ်တည်ချက်က မပြောင်းလဲသေးကြောင်း၊ ကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းမှုဆိုင်ရာ ကျယ်ပြန့်တဲ့ မူဘောင်တွေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဘေကျင်း ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ကျွန်းဆွယ်ပြဿနာကို နိုင်ငံရေးအရ အဖြေရှာဖို့ တွန်းအားပေးရာမှာလည်း အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်လုပ်ဆောင်နေပါတယ်လို့လည်း ဆိုပါတယ်။
မြောက်ကိုးရီးယားဟာ ဥပဒေသစ်မှာ မိမိကိုယ်ကို ကာကွယ်ဖို့အတွက် ကြိုတင်ပြီး နျူကလီးယား တိုက်ခိုက်မှုတွေကို အသုံးပြုပိုင်ခွင့် တရားဝင်ပြဋ္ဌာန်းခဲ့တာပါ။
ခေါင်းဆောင် ကင်မ်ဂျုံအန်းက သူ့ရဲ့ နျူကလီးယား အဆင့်အတန်းကို နောက်ပြန်ဆုတ်မှာ မဟုတ်ဘဲ နျူကလီးယားကင်းစင်ရေး ဆွေးနွေးပွဲတွေကိုလည်း တားမြစ်ထားကြောင်း နိုင်ငံပိုင်မီဒီယာက သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။