close

သြဂုတ်လအတွင်း ရေး-ထားဝယ်ကားလမ်း၌ စစ်တပ်ယာဉ်တန်း ၅ ကြိမ်ထက်မနည်း တိုက်ခိုက် ခံရ

၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်စပြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးတာနဲ့ နယ်မြေရှင်းလင်းရေး ပြုလုပ်လာတဲ့ စစ်ကောင်စီယာဉ်တန်းတွေဟာ ရေး-ထားဝယ်ကားလမ်းပိုင်းမှာ  ပြီးခဲ့တဲ့ သြဂုတ်တလအတွင်း ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခံရတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

သြဂုတ် ၄ ရက်၊ ၁၇ ရက် နဲ့ ၂၅ ရက်တွေမှာ ရေး-ထားဝယ်ကားလမ်းပေါ်က ကျေးရွာတွေဖြစ်တဲ့ ကျောက်ကညာရွာ၊ ညင်းထွေးရွာ၊ ဇဟာရွာ နဲ့ မောင်မယ်ရှောင်ရွာ လမ်းပိုင်းတွေမှာ စစ်တပ်ယာဉ်တန်းတွေကို ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF) နဲ့ မဟာမိတ်တွေ က ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ရေဖြူမြို့နယ်ထဲက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့ (KBDF)နဲ့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) တို့ကလည်း သြဂုတ် ၁၉ ရက်မှာ ကလိန်အောင်မြို့အနီး ကျောက်ရှပ်ရွာအလွန်မှာ ကံပေါက်နယ်မြေရဲစခန်းက ဒုရဲအုပ်လိုက်ပါလာတဲ့ ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်နဲ့ ပျူစောထီးတဦး သေဆုံးခဲ့ပါတယ်။ 

ဒါ့အပြင် သြဂုတ် ၃၁ ရက်မှာလည်း ရေးမြို့ဘက်ကနေလာတဲ့ စစ်တပ်ယာဉ်တန်းကို KBDF နဲ့ TPLF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ မောင်မယ်ရှောင်လမ်းပိုင်းမှာ တကြိမ်၊ ရေနက်ဆိပ်ကမ်းလမ်းဆုံမှာ တကြိမ် စုစုပေါင်း နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေကိုတော့ အတိအကျ မသိရသေးပါဘူး။

တိုက်ခိုက်ခံရတဲ့ ယာဉ်တန်းအများစုဟာ ရေဖြူမြို့နယ်၊ ကလုံးထာရွာဘက်ကို နယ်မြေရှင်းလင်းရေး ပြုလုပ်လာတဲ့ ထားဝယ်ခရိုင်အခြေစိုက် ခလရ ၂၆၇၊ ခလရ ၂၈၂၊ ခလရ ၁၀၄၊ ခမရ ၄၀၆ နဲ့ ပလောက်အခြေစိုက် ခလရ ၂၈၀ က တပ်သားတွေ ပါတဲ့ ယာဉ်တန်းတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ရေဖြူမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ယာဉ်တန်းတွေဟာ မိုင်းဆွဲခံရပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ကာ စစ်တပ်ဘက်ကအယောက် ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up