မက္ကဆီကိုတွင် ခရီးသည်တင်ယာဉ်နှင့် လောင်စာဆီတင်ယာဉ်တိုက်မိ၊ ၁၈ ဦးသေဆုံး

မက္ကဆီကိုနိုင်ငံမှာ စက်တင်ဘာ ၁၀ ရက်က နောက်တွဲယာဉ်ပါတဲ့ လောင်စာဆီတင်ယာဉ်တစီးနဲ့ ဘတ်စ်ကားတစ်စီးတို့ တိုက်မိပြီး မီးလောင်ခဲ့လို့ အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပါတယ်။
နိုင်ငံမြောက်ပိုင်း တာမောင်လီပတ်စ် ပြည်နယ်မှာ မနေ့မနက်အရုဏ်တက်ချိန်က ခရီးသည်တွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးနဲ့ လောင်စာဆီတွေတင်လာတဲ့ ဆီတင်ယာဉ်တစီးတို့ ဝင်တိုက်မိခဲ့တယ်လို့ အစိုးရရှေ့နေရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယာဉ်တိမ်းမှောက်ပြီးတဲ့နောက် မီးလောင်သေဆုံးခဲ့တဲ့ ခရီးသည် ၁၈ ဦးအထိ ရှိတယ်လို့ မက်ဆီကို စစ်တပ်က ပြောပါတယ်။
ပြည်နယ်အစိုးရရှေ့နေရုံးက သေဆုံးသူတွေရဲ့ နောက်ဆုံးအရေအတွက်ကို အကြောင်းကြားမယ်လို့ တာမောင်လီပတ်စ် ပြည်နယ် အရပ်ဘက် ကာကွယ်ရေး ညှိနှိုင်းရေးမှူး ရာအူးလ်ဂါစီယာ က ပြောခဲ့ပါတယ်။