ရုရှားလက်ထဲမှ နယ်မြေအတော်များများ ပြန်သိမ်းယူနိုင်ခဲ့ဟု ယူကရိန်းသမ္မတပြော

ယူကရိန်းနိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ သီတင်းပတ်ကုန်ရက်က ယူကရိန်းစစ်တပ်က လျှပ်တပြက် တန်ပြန်ထိုးစစ်ဆင်အပြီး ရုရှစစ်တပ်ရဲ့ လက်ထဲက နယ်မြေ စတုရန်းကီလိုမီတာ ၆၀၀၀ ကို ပြန်သိမ်းယူနိုင်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက စက်တင်ဘာ ၁၂ရက်မှာ ပြောလိုက်ပါတယ်။
ခါခိဗ်ဒေသအတွင်း ကိယက်ဗ်မြို့ခံတွေက သူတို့မှာ မျှော်လင့်ချက် ပြည့်ဝနေတယ်လို့ ပြောပါတယ်။ အရမ်းပျော်ပြီး အင်မတန် မျှော်လင့်ထားသလို ကျနော်တို့ နိုင်ဖို့ ကမ္ဘာပေါ်က ရှိသမျှ ဘုရားအားလုံးကို ဆုတောင်းတယ်လို့ အသက် ၅၂ နှစ်အရွယ် ဆောက်လုပ်ရေးကုမ္ပဏီ ဝန်ထမ်း တဦးက ပြောပါတယ်။
ယူကရိန်းအရှေ့မြောက်ပိုင်းက ထိုးစစ်ဟာ ၆ လကြာ စစ်ပွဲအတွင်း အောင်မြင်မှု အလားအလာ အဖြစ် ဇလန်းစကီးက ရည်ညွှန်းပြောဆိုပါတယ်။
တကယ်လို့ ယူကရိန်းအစိုးရက ပိုအားကောင်းတဲ့ လက်နက်တွေကို ရမယ်ဆိုရင် နောက်ထပ် နယ်မြေတွေကို ဒီဆောင်းတွင်းမှာ ထပ်သိမ်းနိုင်မယ်လို့လည်း ဇလန်းစကီးက ပြောခဲ့ပါတယ်။
ထောင်ချီတဲ့ ရုရှားစစ်သည်တွေဟာ သူတို့ရဲ့ ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက်ဖြစ်တဲ့ အစ်ဇီယံ မြို့ကနေ ထွက်ပြေးရာမှာ လက်နက်ခဲယမ်းနဲ့ ပစ္စည်းကိရိယာတွေကို ထားပစ်ခဲ့တာပါ။
ဒါဟာ မြို့တော် ကိယက်ဗ်ရဲ့ မြို့စွန်ကနေ မတ်လက မောင်းထုတ်ခံရပြီးတည်းက ရုရှားစစ်တပ် အတွက် အဆိုးဆုံး အရေးနိမ့်မှုပဲလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။