ဂျာမနီက ဓာတ်ငွေ့စျေးနှုန်းကျဆင်းရန် နည်းလမ်းရှာမည်

ဂျာမနီနိုင်ငံဟာ ဓာတ်ငွေ့စျေးနှုန်းတွေ ကျဆင်းဖို့ နည်းလမ်းရှာမှာဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်ကြောင့် ဖြစ်လာတဲ့ စရိတ်စက မြင့်မားမှုတွေအတွက် အမြဲတမ်း ထောက်ပံ့ပေးနေလို့မရကြောင်း ဂျာမန်စီးပွားရေးဝန်ကြီး ရောဘတ်ဟာဘက်ခ်က စက်တင်ဘာ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
“အရေးကြီးဆုံးကတော့ ပူတင်ရဲ့ စျေးနှုန်းခြယ်လှယ်မှုကို ရပ်တန့်ဖို့ပါပဲ။ ရေရှည်မှာ မြင့်မားတဲ့ စျေးနှုန်းတွေနဲ့ ယှဉ်လို့မရပါဘူး။ ဒါကြောင့် အခုအချိန်မှာ စွမ်းအင်စျေးကွက်ပုံစံကို ပြောင်းလဲရမှာဖြစ်တယ်” လို့ ဟာဘက်ခ်က ဘွန်ဒတ်စ်တာ့ဂ် အောက်လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။
ဥရောပ သို့မဟုတ် တခြားနိုင်ငံတွေဆီ ငွေတွေစီးဆင်းနေမှုကို ရပ်တန့်ရမယ်လို့လည်း ပြောပါတယ်။
ရုရှားစွမ်းအင်သာမက ရုပ်ကြွင်းစွမ်းအင်တွေကိုပါ လုံးလုံးလျားလျား ဖယ်ရှားပစ်ခြင်းဖြင့် အနာဂတ်မှာ ဒါကို အကောင်းဆုံး ရပ်တန့်နိုင်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။
လျှပ်စစ်ဈေးကွက်မှာ စျေးကွက်ပုံစံကို ပြောင်းပစ်ရမှာဖြစ်ပြီး ဘဏ္ဍာရေးမူဝါဒမူဘောင်ကို ပြန်စဉ်းစားဖို့လိုကြောင်းနဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေနဲ့အတူ အရှိန်မြန်မြန်နဲ့ ပြတ်ပြတ်သားသား ပြန်စဉ်းစားဖို့ လိုအပ်ကြောင်း ဝန်ကြီးဟာဘက်ခ်က ပြောပါတယ်။
အစိုးရက ဂျာမန်ကုမ္ပဏီတွေအတွက် ကယ်တင်ရေးအစီအမံတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖန်တီးပေးပြီး အသေးစား စီးပွားရေးလုပ်ငန်းတွေအတွက် ကယ်ဆယ်ရေးအစီအစဉ်တွေကို ဖွင့်လှစ်ပေးမှာဖြစ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။