close

မောင်တောမြောက်ပိုင်း သစ်တုံးနားခွဆုံရွာတွင် စစ်ဘေးရှောင် ၆၀၀ ခန့် ပိတ်မိနေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ သစ်တုံးနားခွဆုံရွာမှာ စစ်ဘေးရှောင် ၆၀၀ လောက် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ အေအေတို့ တိုက်ပွဲတွေပြင်းထန်လာပြီး စစ်ကောင်စီက တိုက်လေယာဥ်တွေနဲ့ နေစဥ်တိုက်ခိုက်နေတာကြောင့် စားနပ်ရိက္ခာရှာပါးလာကြတဲ့အတွက် စစ်ဘေးရှောင် အိမ်ထောင် ၁၁၉ စု၊ လူဦးရေ ၅၃၈ ဦးဟာ သစ်တုံးနားခွဆုံကျေးရွာမှာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။

သစ်တုံးနားခွဆုံ ဒေသခံတဦးက “သူတို့က ခမောင်းဆိပ်၊ မင်းခမောက်နဲ့ လေးမြို့ကေဒီ ကျေးရွာ ၃ ရွာက မြို၊ သက်၊ ဒိုင်းနက်၊ ရခိုင်တွေ အားလုံး ၆၀၀ လောက်ရှိတယ်” လို့ ပြောပါတယ်။

လက်ရှိ အဆိုပါစစ်ဘေးရှောင် ၆၀၀ လောက်ဟာ မောင်တောမြို့ပေါ်သို့ သွားရောက်ခွင့် မရရှိကြဘဲ စားသောက်ရေးအတွက် မောင်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးနဲ့ ICRC ၊ WFP တို့ကို တင်ပြထားပေမဲ့ ရိက္ခာအထောက်အပံ့မရသေးဘူးလို့ ကျေးရွာတာဝန်ခံတဦးက ပြောပါတယ်။

“မောင်တောမြို့ပေါ်ကိုလည်းသွားခွင့်မပြုဘူး။ ဒီလောက်လူတွေ နေထိုင်ရေးက ကိစ္စမရှိပါဘူး။ စာသင်ကျောင်းနဲ့ နေအိမ်အလွတ်တွေမှာနေထိုင်လို့ ရပါတယ်။ အဓိကပြဿနာက စားသောက်ဖို့အတွက် စားနပ်ရိက္ခာလိုအပ်ချက်ပါ။ ICRC ၊ WFP တို့ကိုတင်ပြထားပေမဲ့ သူတို့လည်း လာရောက်ထောက်ပံ့ပေးခွင့်မရလို့ မလာရောက်နိုင်ဘူးလို့ ပြောတယ်။ ထွေအုပ်ကိုတင်ပြရင်လည်း ဘာမှအကြောင်းမပြန်ဘူး။ မိမိပိုက်ဆံနဲ့ ဝယ်စားမယ်ဆိုလည်း ဆင်တောင်ဝယ်မရဘူး”လို့ပြောပါတယ်။

လတ်တလော မောင်တောဒေသကို စက်တာဘာ ၁၄ ရက် မနက်ကစပြီး စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ တိုးချလာနေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်ဖြစ်ပွားလာမှာကို စိုးရိမ်ပြီး ဒေသခံတွေ စစ်ဘေးရှောင်နေကြတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up