ဗြိတိန်ဘုရင်မကြီး ဈာပနအတွက် ပန်းအမှာစာများနေ၍ တူရကီပန်းရောင်းသူများ လေယာဉ်ဖြင့် ပို့နေရ

တူရကီပန်းရောင်းသမားတွေဟာ ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ပြီးနောက် ပန်းအမှာစာ တွေကို ပြည့်မီစေရေး ယူနိုက်တက်ကင်းဒမ်းကို များပြားလှတဲ့ ပန်းတွေ အမြန်ဆုံး ပို့ဆောင်ဖို့ ကုန်တင်ကားတွေအစား ကုန်တင်လေယာဉ်တွေကို အသုံးပြုနေကြရပါတယ်။
ဘုရင်မကြီး ကွယ်လွန်ချိန်ကတည်းကစပြီး ခူးဖြတ်ပြီးသား ပန်းတွေကို မှာယူမှုဟာ ၉၀ ရာခိုင်နှုန်း တိုးလာကြောင်း Antalya-အန်တိုင်းလ်ယာ ကုန်စည်ဒိုင်အဖွဲ့ဝင် ဆဲလ်ချွတ် ချေလေဘီက ပြောပါတယ်။
တူရကီပန်းကုန်သည်တွေဟာ ၀ယ်လိုအားရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကိုသာ ဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြေထဲပင်လယ်ပြည်နယ်ရဲ့ အန်တလ်ယာမှာ ပန်းရာသီက ကုန်ဆုံးနေပြီဖြစ်ကြောင်းနဲ့ တောင်ပိုင်း ပြည်နယ်က Isparta-အစ်စ်ပါးတာ ကုန်းမြင့်မှာလည်း ထုတ်လုပ်မှုကျဆင်းနေတဲ့ ကာလပါလို့ ချေလေဘီက ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ပန်းကုန်သည်တွေဟာ ဗြိတိန်ကို ပန်းတွေပို့ဖို့ ထရပ်ကားနဲ့ ပို့ရင် တပတ်ကြာမယ့်ခရီးကို တရက်နဲ့ပို့ဆောင်နိုင်ဖို့ လေယာဉ်တွေကို ငှားရမ်းခဲ့ရတယ်လုိ့ ဆိုပါတယ်။
ဘုရင်မကြီး စျာပနအတွက် အင်္ဂလန်ကို Antalya-အန်တိုင်းလ်ယာ နဲ့ Isparta-အစ်စ်ပါးတာမှ အလေးချိန် ၁၃ တန်လောက်ရှိတဲ့ ပန်းပေါင်း ၅ သိန်းကျော်ကို စတင်ပို့ဆောင်ပေးခဲ့ရတယ်လို့ တူရကီလေကြောင်းလိုင်း လက်အောက်ခံ တူရကီ ကာဂိုက ပြောပါတယ်။
စက်တင်ဘာ ၅ ရက်နဲ့ ၁၂ ရက်ကြားမှာ တူရကီကနေ အင်္ဂလန်ကို ပန်းတင်ပို့မှုမှာ အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၄၀ ရာခိုင်နှုန်း တိုးလာကြောင်း တရားဝင် အချက်အလက်တွေအရ သိရပါတယ်။