close

မောင်တောအခြေစိုက် ခမရ ၃၅၂ တပ်ရင်း စခန်းကုန်းကို အေအေ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်ဒုံကျေးရွာအနီးရှိ စစ်ကောင်စီတပ်ရဲ့  ခမရ ၃၅၂ တပ်ရင်းကို စက်တင်ဘာလ ၁၀ ရက် မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)က ထုတ်ပြန်ပါတယ်။

လောင်ဒုံ မြို့ရွာ (ခ) ဂြိတ်ချောင်းကျေးရွာရဲ့ အရှေ့တောင်ဘက် ၃ ကီလိုအကွာရှိ ဂုတ်ပီကျော်လမ်း(ပဲရွမ်းတောင်)ရှိ ခမရ ၃၅၂ တပ်ရင်း စခန်းကုန်းကို  မနေ့မနက် ၆ နာရီ ၁၇ မိနစ်လောက်က  တိုက်ခိုက်ခဲ့ရာမှာ  ၇ နာရီ ၂၂ မိနစ်လောက်မှာ စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့တဲ့အပြင် သုံ့ပန်းတချို့လည်း ဖမ်းဆီးရမိခဲ့တယ်လို့ အေအေက ဆိုပါတယ်။

အေအေသိမ်းပိုက်ထားတဲ့  စခန်းကုန်းနေရာအနီးတဝိုက်ကို စစ်ကောင်စီတပ်က ရဟတ်ယာဥ်တွေ ဂျက်တိုက်လေယာဥ်တွေနဲ့ တနေကုန် လာရောက်တိုက်ခိုက်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၁ ရက်  ဒီနေ့မနက် ၄ နာရီခွဲလောက်မှာ ခမရ (၃၅၂) စခန်းကုန်းနဲ့ လောင်းဒုံကျေးရွာ အနောက်ဘက်ရှိ ဒိုးတန်းကျေးရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  လောင်းဒုံကျေးရွာဒေသခံတွေထံက သိရပါတယ်။

ဒေသခံရွာသားတဦးက "ညတိုက်ပွဲက တော်တော်တော်လေးပြင်းပါတယ်။ စစ်ကောင်စီဘက်က တော်တော်လေး အကျများနေတယ်လို့ သိရတယ်။ မနက်အရုဏ်မှာလာပြီး လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ။ ဒိုးတန်းရွာကိုပါ ဗုံးကြဲခဲ့ပါတယ်။ ဒိုးတန်းရွာမှာတော လူတွေမရှိပါဘူး။ လောင်ဒုံ ရွာသူ ရွာသားတွေကတော တညလုံးမအိပ်လိုက်ရဘူး။ ထွက်ပြေးသူတွေထွက် ပြေးနေကြဆဲပါ။"လို့ ပြောပါတယ်။

ဒိုးတန်းကျေးဟာ အရင်က  မွတ်စလင်တွေနေထိုင်ခဲ့တဲ့ ကျေးရွာဟောင်းဖြစ်ပြီး  ၂၀၁၇ ခုနှစ်အကြမ်းဖက်ပဋိပက္ခမှာ မီးလောင်ပျက်စီးသွားတဲ့ကျေးရွာဟောင်း ဖြစ်ပါတယ်။

အေအေက စခန်းသိမ်းထားတယ်ဆိုပေမဲ့ မြေပြင်အခြေအနေမှာတော့ စစ်ကောင်စီတပ်နဲ့ အေအေ တပ်တွေ ညတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြပါတယ်။ ဒီနေ့မနက်လည်း  အေအေတပ်သားတွေ ခိုလှုံနေထိုင်တဲ့  ဒိုးတန်းကျေးရွာ ဟောင်းနေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့နေလို့ လောင်းဒုံနဲ့ ကြိမ်ချောင်းရွာနားက ကျေးရွာတွေပါ ဗုံးကြဲခံရမှာကို ဒေသခံတွေ အထူးစိုးရိမ်နေကြတာပါ။

စစ်ရေးလေ့လာသူ မောင်တောဒေသခံတစ်ဦးက "ထုတ်ပြန်ချက်နဲ့ မြေပြင်အခြေအနေက အလွန်ကွာခြားနေတယ်။ စခန်းကိုသိမ်းတယ်ဆိုပေမဲ့ နှစ်ဖက်တပ်တွေက မြေပြင်မှ တိုက်ပွဲဖြစ်နေကြတုန်းပဲ။ လေယာဥ်နဲ့ ဒီလောက်ဗုံးကြဲတာ အေအေဘက်က အကျအဆုံးမရှိပဲနေမလား။ နှစ်ဖက်စလုံး အကျအဆုံးတော့ရှိမှာပဲ ပန်းနဲ့ပေါက်နေတာ မဟုတ်ဘူးလေ။ သူတို့မနိုင်ရင် ရွာတွေကိုလည်း ဗုံးလာကြဲမှာပဲ”လို့ ပြောပါတယ်။

ဩဂုတ် ၃၁ ရက်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် အမှတ် ၄၀ အနီးက စစ်ကောင်စီတပ်စခန်းကို အေအေဘက်က သိမ်းပိုက်ရာမှာ စစ်ကောင်စီဘက်က ၁၉ ယောက်သေဆုံးပြီး တယောက်  အရှင်ဖမ်းမိတယ်လို့ အေအေကထုတ်ပြန်ထားပါတယ်။

သြဂုတ်လ ၃၁ ရက်ကလည်း  အေအေသိမ်းပိုက်ထားတဲ့ မိုင်တိုင် ၄ဝ စခန်းကို ပြန်ရဖို့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေတင်မက လေယာဉ်တွေနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့ ပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်  မောင်တော- အငူမော် ကားလမ်းကိုလည်း စစ်ကောင်စီက ပိတ်ထားတာ တစ်လနီးပါးရှိလာပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up