close

ဒဂုံတက္ကသိုလ်ကျောင်းသား ကိုထူးဝေလင်း ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံရ

ဒဂုံတက္ကသိုလ် စိတ်ပညာအထူးပြုကျောင်းသား ကိုထူးဝေလင်းကို အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာ ၁၆ ရက် ဒီကနေ့မှာ ထောင်ဒဏ် ၁၃ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ကိုထူးဝေလင်းဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်မှုကြောင့် ၂၀၂၁ ခုနှစ် ဇွန် ၅ ရက်ကတည်းက  ဖမ်းဆီးခံထားရပြီး ၁ နှစ်ကျော်တရားရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့ ကျောင်းသားအခွင့်အရေးအတွက် ရပ်တည်ဆောင်ရွက်နေတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားကျောင်းသူများအသင်း Future The DAGON က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းပြည်အာဏာကို မတရားသိမ်းယူပြီးချိန်ကတည်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ အပါအဝင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သူတွေအားလုံးကို မတရားပုဒ်မတပ် ဖမ်းဆီးအရေးယူ ထောင်ချတာတွေ၊ ညှဉ်းပန်းနှိပ်စက်တာ၊ နိုင်ငံတဝန်း မင်းမဲ့စရိုက်ဆန်ဆန် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာ၊ ပစ်ခတ်နှိမ်နင်းတာတွေကို ဆက်တိုက် လုပ်ဆောင်လာနေခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၂၇၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၅၄၀ ယောက်ထိရှိပြီလို့ ဆိုပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၄၀၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၁,၄၇၂ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေတွက်ကတော့ ၈၄ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၆ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၁၁၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up