ရုရှားသတင်းထောက်ဟောင်း ၁ ဦးကို နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် ၂၂ နှစ်ချမှတ်

အစိုးရလျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ သတင်းထောက်ဟောင်းတစ်ဦးကို ရုရှားတရားရုံးက နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒဏ် ၂၂ နှစ် စီရင်ချက်ချလိုက်ပါတယ်။
ရုရှားမှာ မီဒီယာလွတ်လပ်ခွင့်မရှိတာကို ပြသတဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ်လို့ သူ့ကိုထောက်ခံသူတွေက ပြောပါတယ်။
ကွန်မာဆန့်နဲ့ ဗေဒိုမိုစတီ သတင်းစာတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာကွယ်ရေး သတင်းထောက်ဟောင်း အီဗန်စဆာဖရွန်နော့ဗ်ဟာ ရုရှားအာကာသအေဂျင်စီရဲ့ အကြီးအကဲ အကြံပေးအဖြစ် ပြောင်းလဲ အလုပ်လုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ ဖမ်းဆီးခံရတာပါ။
ဆာဖရွန်နော့ဗ်ရဲ့ ရှေ့နေတွေက စီရင်ချက်ကို အယူခံဝင်မယ်လို့ ပြောခဲ့ပါတယ်။ ရုရှားရဲ့ နိုင်ငံတကာ လက်နက်သဘောတူညီချက် အသေးစိတ်ကို ထုတ်ဖော်ပြသခဲ့တဲ့ သူ့ရဲ့ အစီရင်ခံမှုအတွက် လက်စားချေတာလို့ သူ့ကိုထောက်ခံသူတွေက ပြောပါတယ်။
ဒီစီရင်ချက်ဟာ ရုရှားနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ ကြီးလေးတဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်ဒဏ်လို့ လူ့အခွင့်အရေးရှေ့နေ ပါဗယ်ချီကော့ဗ်က ပြောပါတယ်။
သတင်းသမားကို စွဲချက်တင်ဖို့ နေနေသာသာ နိုင်ငံတော်ပုန်ကန်မှုနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ ဥပမာတွေကို အရင်ကမတွေ့ခဲ့ရဖူးဘူးလို့ သူက ပြောပါတယ်။
ဆာဖရွန်နော့ဗ်ဟာ အရှေ့အလယ်ပိုင်းမှာ ရုရှားရဲ့ လက်နက်ရောင်းချမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် လျှို့ဝှက်ချက်တွေကို ချက်သမ္မတနိုင်ငံ နိုင်ငံခြားထောက်လှမ်းရေးဌာနဆီ မျှဝေခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောခဲ့ပေမဲ့ သူကတော့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။