မြောင်မြို့နယ်၌ စစ်တပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး စစ်ရှောင်အဘွားအို ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နနွမ်းကိုင်းကျေးရွာကို စက်တင်ဘာ ၁၆ ရက် မနက် ၄ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက် စစ်ကြောင်းထိုးလာရာမှာ အသက် ၇၀ အရွယ် အဘွားအိုတယောက် လက်နက်ကြီးကျည်ထိမှန် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဲ့ဒီ မနက်က မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က နနွမ်းကိုင်းကျေးရွာကို လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ် ဝင်ရောက်လာတာကြောင့် သေဆုံးသူဟာ ကျေးရွာဘုန်းကြီးကျောင်းမှာ ပုန်းခိုနေစဉ် လက်နက်ကြီးထိမှန်ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတစ်ဦးက “ရွာကို ပစ်ဝင်လာတော့ ဘေးလွတ်ရာကို ပြေးကြလွှားကြရင်း ဘုန်းကြီးကျောင်းဝင်းထဲ ပုန်းခိုနေတဲ့ သက်ကြီးရွယ်အိုတယောက် မျက်နှာရော ဗိုက်မှာပါ လက်နက်ကြီး ကျည်စထိမှန်သေဆုံးသွားတာပါ။ အခုတလော ဒီနယ်ဘက်ကို မကြာခဏ စစ်ကောင်စီတပ်က စစ်ကြောင်းဝင်တာတွေ ရှိနေတယ်" လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ အဘွားအိုဟာ နနွမ်းကိုင်းကျေးရွာနေ အသက် ၇၀ အရွယ် ဒေါ်ကြည်တင်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က နနွမ်းကိုင်းကျေးရွာကို တိုက်ပွဲတစုံတရာမရှိပဲ ပစ်ခတ်ဝင်ရောက်လာတာလို့ ဆိုပါတယ်။
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ ( CDSOM ) မှ တာဝန်ရှိသူက “တိုက်ပွဲဖြစ်ပွားတာမျိုးတော့မရှိဘူးဗျ။ သူတို့က အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်တာ။ အခုလထဲ ဒီတိုင်းပဲ ညဘက်ထွက်လာပြီး မနက်အစောပိုင်းဝင်ပြီးတာနဲ့ ပြန်ထွက်လာ၊ အဲလိုချည်းပဲ”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်ကလည်း မြောင်မြို့နယ်ရှိ နနွမ်းကိုင်းကျေးရွာအပါဝင် သနပ်ကုန်းနဲ့ ကျောက်ရစ်ကျေးရွာတို့ကို စစ်ကောင်စီတပ်ဖွဲ့က ရေကြောင်းနဲ့ ဝင်ရောက်လာပြီး ဆက်တိုက်စစ်ကြောင်းထိုးခဲ့ပါတယ်။