ထိုင်ဝမ်၌ ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်

ထိုင်ဝမ်အရှေ့တောင်ပိုင်းမှာ စက်တင်ဘာ ၁၈ ရက်က ပြင်းအား ၆ ဒသမ ၈ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာမှာ ထိခိုက်ပျက်စီးမှု တချို့ရှိခဲ့ပေမဲ့ အသေအပျောက် မရှိခဲ့ပါဘူး။
ယုလိမြို့နယ်မှာ ပြိုကျခဲ့တဲ့ ကုန်စုံစတိုးဆိုင်က လူ ၄ ယောက်လုံးကို ကယ်ဆယ်နိုင်ခဲ့သလို ပျက်စီးသွားတဲ့ တံတားပေါ်ကနေ ကားတစီး ပြုတ်ကျလို့ လူ ၃ ယောက်ကိုကယ်ဆယ်ပြီး ဆေးရုံပို့ထားတယ်လို့ ထိုင်ဝမ်မီးသတ်ဌာနက ပြောပါတယ်။
ထိုင်ဝမ်နိုင်ငံအရှေ့ပိုင်းရှိ တုန်းလီဘူတာရုံမှာ ရထားစင်္ကြန် မျက်နှာကျက် ပြိုကျပြီး ရထားတွဲ သုံးစင်း လမ်းချော်ခဲ့တယ်လို့ ထိုင်ဝမ် မီးရထားအုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ လူ တယောက် ဒဏ်ရာရခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
ငလျင်ဗဟိုချက်ဟာ ထိုက်တုံး ခရိုင်မှာရှိပြီး စနေနေ့ ညနေပိုင်းမှာ ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ပေမယ့် လူ သေဆုံးမှုမရှိဘူးလို့ မိုးလေဝသဌာနက ပြောပါတယ်။
အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ USGS ကတော့ ငလျင်ဟာ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၂ နဲ့ ဗဟိုချက်က မြေအောက်အနက် ခြောက်မိုင်ကို ဗဟိုပြုတယ်လို့ သတ်မှတ်ပါတယ်။
ငလျင်လှုပ်ခတ်ပြီးတဲ့နောက် အမေရိကန်ရဲ့ ပစိဖိတ်ဆူနာမီသတိပေးဌာနက ထိုင်ဝမ်အတွက် သတိပေးချက် ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ သတိပေးချက်ကို ပြန်ရုတ်သိမ်းခဲ့ပါတယ်။
ဂျပန်နိုင်ငံရဲ့ မိုးလေဝသ အေဂျင်စီကလည်း အိုကီနာဝါစီရင်စုရဲ့ တစိတ်တပိုင်းအတွက် အစောပိုင်းက ထုတ်ပြန်တဲ့ ဆူနာမီသတိပေးချက်ကို ရုပ်သိမ်းခဲ့ပါတယ်။