ထိုင်းသရုပ်ဆောင် တိုင်မို နိဒါး သေဆုံးမှု မိခင်ဖြစ်သူ နစ်နာကြေး ဘတ် ၉ သန်းကျော်ရရှိ

ထိုင်းထိပ်တန်းသရုပ်ဆောင်မင်းသမီး တိုင်မို နိဒါး ကျောက်ဖရားမြစ်ထဲ ပြုတ်ကျသေဆုံးတဲ့ကိစ္စ နစ်နာကြေးတွေနဲ့ပတ်သက်ပြီး တလှေတည်းစီး အပေါင်းပါတွေနဲ့ သူမရဲ့မိခင်ဖြစ်သူ နန်းဖနိဒါးတို့ဟာ မနေ့ စက်တင်ဘာ ၂၁ ရက်က နွန်ထပူရီခရိုင်တရားရုံးမှာ တွေ့ဆုံညှိနှိုင်းခဲ့ကြပါတယ်။
တိုင်မိုသေဆုံးမှုမှာ တရားစွဲခံထားရတဲ့ လှေစီးဖော် ပေါ၊ ရောဘတ်၊ ကျော့ပ်၊ ဆဲမ်း၊ ကသစ်တို့ ၅ ယောက်နဲ့ အဲမ်း ဆိုသူတို့ ရောက်လာကြပြီး သမီးဆုံးရှုံးရလို့ နစ်နာကြေးအဖြစ် ဘတ်ငွေ ၂ သန်း၊ ထောက်ပံ့ကြေး တလကို ဘတ်ငွေ ၃ သောင်းနဲ့ နှစ်ပေါင်း ၂၀ စာ ဘတ် ၇ သန်းကျော် ဝိုင်းဝန်းပေးလျော်ဖို့ သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင် ဘတ် ၅ သောင်းကျော်တန် ပုလဲနားကပ်တရံပါ လက်ဆောင်ရရှိခဲ့လို့ စုစုပေါင်း ဘတ် ၉ သန်းကျော်ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း မိခင်ဖြစ်သူက နှစ် ၂၀ မတိုင်ခင် ဆုံးပါးသွားရင်တော့ ထောက်ပံ့မှုပြီးဆုံးမှာဖြစ်ပြီး ဘယ်သူမှလည်း ဆက်ခံစားခွင့်မရှိပါဘူး။
ညှိနှိုင်းဆုံးဖြတ်ချက်ကို မိခင်အနေနဲ့ ကျေနပ်ပြီး အားလုံးကိုခွင့်လွှတ်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
ဒီညှိနှိုင်းမှုဟာ တရားမမှုသာဖြစ်ပြီး တရားခံ ၆ ယောက်အနေနဲ့ နွန်ထပူရီရဲတပ်ဖွဲ့က တရားစွဲထားတဲ့ ရာဇဝတ်မှုကိုတော့ ဆက်လက်ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
တရားခံ ၆ ယောက်ဟာ လိုင်စင်သက်တမ်းကုန်လှေအသုံးပြုမှု၊ လိုင်စင်မရှိဘဲ လှေခုတ်မောင်းမှု၊ တပါးသူ သေဆုံးသည်အထိ ပေါ့ဆမှု၊ သက်သေခံပစ္စည်းဖျောက်ဖျက်မှု၊ လိမ်လည်ထွက်ဆိုမှု စတဲ့အမှုတွေ စွဲဆိုခံထားရပြီး လာမယ့် ဒီဇင်ဘာ ၂၂ ရက်မှာ ရုံးချိန်းရှိပါတယ်။
ဒါပေမဲ့ တိုင်မိုရဲ့မိခင်ဖြစ်သူက ေကျအေးလိုက်တာကြောင့် တရားလိုဘက်က ရှေ့နေမရှိဘဲ ရဲဘက်က အစိုးရရှေ့နေကသာ တဖက်သတ် လျှောက်လဲဖို့ ကျန်ပါတယ်။
ဒီမတိုင်ခင်ကတော့ တိုင်မိုဟာ သွေးရိုးသားရိုး မတော်တဆ ပြုတ်ကျသေဆုံးတာမဟုတ်ဘဲ သံသယရှိစရာတွေနဲ့ အသတ်ခံရတာ ဖြစ်နိုင်တယ်ဆိုပြီး လူ့အခွင့်အရေးဆိုင်ရာရှေ့နေ၊ လွှတ်တော်ကိုယ်စားလှယ်၊ ဥပဒေကြောင်းအရ နစ်နာသူများ ကူညီရေးအဖွဲ့ စတာတွေက အမှုကို ဖြစ်ရပ်မှန်ပေါ်သည်ထိ အဆုံးထိလိုက်ဖို့ ဝိုင်းဝန်းကြိုးစားခဲ့ပေမဲ့ မိခင်ဖြစ်သူရဲ့ စိတ်အပြောင်းအလဲ မြန်ဆန်မှုတွေကြောင့် ပြဿနာတွေ ပိုရှုပ်ထွေးလာလို့ အားလုံးက လက်လျှော့လိုက်ကြတာပါ။
မိခင်ဖြစ်သူက အပြုံးတွေနဲ့ တရားရုံးပေါ်က ဆင်းလာပေမဲ့ လူမှုကွန်ရက်မှာတော့ မကျေနပ်တဲ့ ကွန်းမန့်တွေ ပြည့်နေပါတယ်၊ “သမီးသေ အမေသူဌေးဖြစ်”၊ “သေသူက ရှင်သူကိုလုပ်ကျွေး”၊ “ဒါပဲလေ ထိုင်းဥပဒေ”၊ “ငွေမျက်နှာ”၊ “ဒီလိုအမေမျိုးနဲ့မတွေ့တာ ကံကောင်း”၊ “နှစ် ၂၀ မပြည့်ခင် သေပါစေ”၊ “သေသူပိုက်ဆံနဲ့ ကြာကြာမခံပါဘူး” စသဖြင့် ဝေဖန်ပြစ်တင်နေကြပါတယ်။
ထိုင်းထိပ်တန်းရုပ်ရှင်သရုပ်ဆောင် တိုင်မို နိဒါး (အသက် ၃၇ နှစ်) ဟာ ပြီးခဲ့တဲ့ ဧပြီလက ကျောက်ဖရားမြစ်ထဲမှာ သူငယ်ချင်းတွေနဲ့ စပိဘုတ်လှေစီးစဉ် လှေပေါ်ကပြုတ်ကျပြီး ရေနစ် သေဆုံးခဲ့ရတာ ြဖစ်ပါတယ်။