close

လက်ယက်ကုန်းရွာက ဒဏ်ရာရကလေး ၁ ဦး ထပ်မံသေဆုံး၊ နိုင်ငံတဝန်း စစ်တပ်သတ်ဖြတ်ခဲ့သည့် ကလေးသူငယ်ပေါင်း ၂၃၄ ဦးရှိလာ

စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ယနေ့အချိန်အထိ မြန်မာနိုင်ငံတဝန်း အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၂၃၄ ဦးကို စစ်ကောင်စီက အကြမ်းဖက်  သတ်ဖြတ်ခဲ့ပြီး ၃၆၃ ယောက်  ဖမ်းဆီးထိန်းသိမ်း ခံထားရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့  စက်တင်ဘာ ၂၆ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စက်တင်ဘာ ၁၆  ရက် မွန်းလွဲ ၁ နာရီက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာရှိ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က  MI 35 ရဟတ်ယာဉ်နဲ့ ဝေဟင် ပစ်ခတ်ခဲ့သလို ခြေလျင်တပ်ရင်း ၃၆၈က မြေပြင်ကနေ တစ်နာရီကြာ ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်မှာ ကလေး သူငယ် ၆ ဦး သေဆုံးခဲ့ပြီး ကလေးတွေရဲ့ ရုပ်အလောင်းတွေ မိဘတွေကို မပေးအပ်ဘဲ အကြမ်းဖက်စစ်တပ်က ပီနံအိတ်နဲ့ထည့် သယ်ဆောင်သွားခဲ့ကာ နောက်ထပ် ကလေး ၁ ဦးမှာ ရေဦးဆေးရုံမှာ  ထပ်မံသေဆုံးခဲ့တယ်လို့လည်း NUG က အတည်ပြုထုတ်ပြန်ပါတယ်။ 

ဒီဖြစ်စဉ်မှာ ကလေး  ၇ ဦး၊ လူကြီး ၆  ဦး စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ပြီး  ကျောင်းအတွင်းရှိ ကျောင်းသား/ သူ ကလေးငယ်နဲ့  ဆရာ၊ဆရာမ ကျေးရွာ ရပ်မိ ရပ်ဖ၂၁  ဦးအား ဓားစာခံ အဖြစ် ဖမ်းဆီးပြီး ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရပါတယ်။ 

ဒါ့အပြင် ဒီပဲယင်းမြို့နယ်အတွင်းရှိ ညောင်လှ၊ သစ်တုံ၊ မူးဆုံ၊ မူးခံ၊ ညောင်ကြီးကုန်း၊ အင်ပင်၊ လက်ယက်ကုန်း ကျေးရွာများက ပြည်သူ ၁၈ ဦး ဒဏ်ရာရခဲ့ပြီး  ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကျေးရွာအများအပြားဟာ အရေးပေါ် အခြေအနေသို့ ရောက်ရှိနေပြီး သောင်းနဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ  ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အကြမ်းဖက်စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ အသက်ခန္ဓာ ရင်းနှီးပေးဆပ်ခဲ့ကြ ရသူအားလုံးအတွက် တရားမျှတမှုကို ပြန်လည်ရရှိနိုင်ရေး ဖြစ်စဉ်တစ်ခုဆီတိုင်းရဲ့ သက်သေ အထောက်အထားတွေကို စနစ်တကျ စုဆောင်းပြီး သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းတွေထံ ပို့ဆောင်ပေးနေပြီး၊ မျက်မြင်သက်သေတွေရဲ့ လုံခြုံရေးနဲ့ ကျန်ရစ်သူ မိသားစုတွေရဲ့ ဘဝရပ်တည်ရေး တို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေက တာဝန်ယူထောက်ပံ့မှုတွေ  စဉ်ဆက်မပြတ်ပြုလုပ်ပေးနေပါတယ်။

ဒါ့အပြင် လူမဆန်တဲ့ရက်စက်ကြမ်းကြုတ်မှုဖြစ်စဉ်တွေကို ကျူးလွန်ရာမှာ ပတ်သတ်သူတွေနဲ့ တာဝန်ရှိသူတွေ ထိုက်တန်သည့် ပြစ်ဒဏ်တွေ တရားဥပဒေရှေ့မှောက် ပြန်လည် ခံစားရရှိနိုင်စေရေး အစီအစဉ်များ ချမှတ်ဆောင်ရွက် နေပြီဖြစ်လို့လည်း NUG ကပြောပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂနဲ့  နိုင်ငံတကာကလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထိရောက်ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ အလျင်အမြန်ဆုံးဆောင်ရွက်ဖို့လည်း  NUGu တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ၂၀၂၁ ခုနှစ်အတွင်း  ဇူလိုင်လမှာ  ကနီမြို့နယ်ရှိ တောင်ပေါက်ရွာ၊ ကြက်ချောင်းတောတိုက်ရွာ၊ ယင်းရွာ၊ ကုန်းသာရွာတို့မှာ လူ ၄၀ ကျော် သတ်ဖြတ်ခဲ့တာ၊ ဒီဇင်ဘာ ၇ ရက်မှာ  ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာမှာ  ၁၄ နှစ်မှ ၁၇ နှစ် အကြား ကလေးသူငယ်လေးဦး အပါအဝင် ဒေသခံ ၁၀ ဦးကို သတ်ဖြတ်ခဲ့တာ၊ ဒီဇင်ဘာ ၂၄ ရက် ခရစ္စမတ်ကာလ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာမှာ အမျိုးသမီး၊ ကလေးငယ်နဲ့ Save the Children မှ ဝန်ထမ်းနှစ်ဦးအပါအဝင် ၄၉ ဦးကို မီးရှို့သတ်ဖြတ်မှုကျူးလွန်းခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ်မှာလည်း ဇန်နဝါရီ ၆  ရက်က ချင်းပြည်နယ် မတူပီမြို့နယ်မှာ သတင်းထောက်တစ်ဦးနဲ့ ကလေးငယ်တစ်ဦးအပါအဝင်  ၁၁ ဦးကို  ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့တာ၊ ဧပြီ ၁၉ ရက်မှာ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံ ပဲရင်းတောင်ရွာမှာ အမျိုးသား ၉  ဦးကို မီးရှို့သတ်ဖြတ်ခဲ့တာ ၊ မေ ၁၂ ရက်က   ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှာ ၂၈ ဦးကို မီးရှို့သတ်ဖြတ်ခဲ့တာ စတဲ့ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေကို  ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ဝန်ခံထားတာတော့ မရှိသေးပါဘူး။

နွေဦးတော်လှန်ရေးကာလအတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်  ကျဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်းမှာ ၂၃၁၉ ဦး ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( အေအေပီပီ) စာရင်းအရ သိရပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်အထိ နေအိမ်ပေါင်း ၂၈,၄၃၄ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း  Data for Myanmar အဖွဲ့ရဲ့စာရင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up