close

ဆင်မင်းရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးနှင့် PDF ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆင်မင်းကျေးရွာမှာ စက်တက်ဘာ ၂၇ ရက် မနက် ၄ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၂ ဦးကျဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မြောင်မြို့နယ် ကျောက်ရစ်စခန်းကနေ မနက် ၃ နာရီလောက် ဆင်မင်းရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြတာလို့ သိရပါတယ်။

မြောင်မြို့နယ် ပြည်သူ့တပ်မတော်အဖွဲ့မှ ကိုသမန်းကျားက “သူတို့ထွက်လာပြီဆိုတဲ့သတင်း ကြားတာနဲ့ ဆင်မင်းရွာထိပ်ကနေ ကြိုတင်ကင်းစောင့်ဖို့ အသွားမှာ စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တိုးပြီး မီတာ ၅၀ အကွာအဝေးလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ သူတို့ဘက်ကတော့ အသေအပျောက် ၂ ဦးရှိကာ ၅ ဦး ဒဏ်ရာရတယ်လို့ သိရတယ်။ ကျနော်တို့ဘက်ကတော့ တပ်စိပ်မှူး ဗိုလ်စနေ ကျဆုံးသွားရတယ်။ ကျဆုံးသွားတဲ့ ရဲ‌ဘော်ရဲ့ အသက်က ၂၅ နှစ်လောက်ပဲရှိမယ်” လို့ ပြောပါတယ်။

ဒေသခံရွာသားတဦးက “မနက်ခင်း အစောကြီး တိုက်ပွဲဖြစ်ပွားကြတာ။ သူတို့လာမယ်ဆိုတာ ကြိုမသိထားတော့ အိပ်နေရာကနေ ထပြေးရတာဗျ။ PDF တွေကတော့ ရွာသားတွေကို ကယ်ထုတ်ပေးတယ်။ စစ်ကောင်စီကတော့ ရွာက ဦးဇင်းလေးကို ခေါင်းကို ခြေထောက်နဲ့ လေးငါးချက်လောက်ကန်ပြီး သူတို့ကို သေနတ်နဲ့ပစ်တဲ့ PDF တွေက ဘယ်သူလဲလို့ စစ်မေးတာတွေ လုပ်ခဲ့တယ်။ နောက်ပြီး သူတို့ထဲက အသေအလောင်းနှစ်လောင်းကို သင်္ကန်းတွေနဲ့ ပုခက်လုပ်ပြီး မနက် ၄ နာရီ‌လောက် ကျောက်ရစ်စခန်းကို ပြန်သွားကြတယ်။ ဒဏ်ရာရတဲ့သူကလည်း ၅ ဦးလောက်ရှိမယ်” လို့ ပြောပါတယ်။

မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက ညဘက် စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတာကြောင့် ညအချိန် ထွက်ပြေးနေရပြီး ဒုက္ခရောက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုတိုက်ပွဲဖြစ်ရာ ဆင်မင်းကျေးရွာဟာ အိမ်ခြေ ၁၇၀ လောက်ရှိပြီး စစ်ကောင်စီ အထိုင်ချစခန်းဖြစ်တဲ့ ကျောက်ရစ်စခန်းနဲ့ နှစ်မိုင်လောက်သာဝေးတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ စစ်ရေးအခြေအနေ နေ့စဉ်တိုင်းလိုလို တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up