close

တနှစ်ခွဲကျော်အတွင်း စစ်အုပ်စု အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၃၂၀ ကျော်ထိ ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၃၂၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၆၆၂ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၅၁၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၄၉၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၄ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၆ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၁၂၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၆၀ ခုထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  ပါတီဥက္ကဌဖြစ်သူ ဦးအောင်ဌေးဦးကို စစ်သားနဲ့ ရဲတွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့လယ် ၂ နာရီလောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ ဦးအောင်ဌေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ကို ထောက်ပံ့တာနဲ့ ဖောက်ခွဲရေးမှာ ပါဝင်ပက်သက်တာတွေ ပြုလုပ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးခဲ့တာလို့ ဆိုပါ တယ်။

ဒါ့အပြင် စက်တင်ဘာ ၂၂ ရက်မနက် ၇ နာရီအချိန်ကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းပင်ဆိပ်ကျေးရွာက စောအားထော်မူးဟာ မြှုံးသွားကြည့်ပြီးအပြန် အကြမ်းဖက်စစ်အုပ်စုတပ် ထောင်ထားတဲ့ မိုင်း ကို နင်းမိခဲ့ကာ မိုင်းပေါက်ကွဲသံထွက်တဲ့ တချိန်တည်းမှာပဲ ခမရ-၆၀၃ က အဆိုပါနေရာကို ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ စောအားထော်မူးဟာ သွေးမတိတ်တာကြောင့် ကျေးရွာနေ ပြည်သူလူထုတွေက သူ့ ကို ကျောက်ကြီးမြို့ဆီ ပို့ဆောင်ဖို့ စီစဉ်ခဲ့ပေမယ့် ခွင့်မပြုဘဲ နတ်သံကွင်းကို ပို့ဆောင်ခိုင်းခဲ့ကာ နတ်သံကွင်းကိုမရောက်ခင် ဝဲကြီးကျေးရွာအရောက် မနက် ၁၁ နာရီအချိန်မှာ သွေးထွက်လွန်ပြီး သေဆုံးသွား ခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up