close

တနင်္သာရီတွင် စစ်ကောင်စီတပ်များ ၂ ကြိမ်တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘန်လောရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့က နှစ်ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးအင်အားစု (S.W.D.F) က ထုတ်ပြန်ပါတယ်။

စစ်ကြောင်းထိုးလာတဲ့ ခလရ ၄၃၁ စစ်ကောင်စီတပ်ကို တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးအင်အားစု (S.W.D.F)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း-၂၊ တပ်ခွဲ-၁ နဲ့ ဘက်မလိုက် ပြောက်ကျား မဟာမိတ်ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၂၈ ရက် ညနေ ၄ နာရီလောက်က တကြိမ်နဲ့ စက်တင်ဘာ ၂၉ ရက် နေ့လယ် ၁၁ နာရီက တကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

S.W.D.F တာဝန်ရှိသူက “ပထမတကြိမ်က ဗောဓိကမ်းတံတား ဘန်လောနယ်နားမှာဗျ။ ကင်းလှည့်ရင်းနဲ့ ကင်းအချင်းချင်း စတင်ပစ်ခတ်ရာမှ ဖြစ်ပွားပါတယ်။ ဒုတိယနေ့မှာတော့ စကစက ထပ်တိုးလာလို့ မိုင်းဆွဲပြီး ပစ်ခတ်ကြပါတယ်” လို့ ပြောပါတယ်။

ပထမနေ့က တိုက်ခိုက်မှုမှာ ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်သေးဘဲ ဒုတိယနေ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာ ၅ ယောက်သေဆုံးကြောင်း  အတည်ပြုထုတ်ပြန်တာလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့က အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုန်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ဒေသခံရွာသူရွာသားတွေ နီးစပ်ရာ စစ်ဘေးလွတ်နိုင်မယ့် ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ S.W.D.F တာဝန်ရှိသူ ပြောပြချက်အရ သိရပါတယ်။

တနင်္သာရီမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့က ဘန်လောကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ မဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိပေးကြဖို့နဲ့ စစ်ဖြစ်ပွားနေတဲ့ နေရာကို သွားလာလှုပ်ရှားတာတွေ မပြုကြဖို့ မနေ့က တိုက်တွန်း ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၄ ရက် ညနေ ၅ နာရီလောက်ကလည်း တနင်္သာရီမြို့နယ်၊ လယ်သစ်-ထိန်ချောင်းဝအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်တိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up