close

စစ်ကောင်စီက အဆင့်မြင့်ဒရုန်းပစ်လက်နက်များ အသုံးပြုလာသဖြင့် စစ်ဆင်ရေးရပ်နားထားဟု ခင်ဦးဒရုန်းတပ်ဖွဲ့ပြော

စစ်ကောင်စီက အဆင်မြင့် ဒရုန်းပစ်လက်နက်တွေအသုံးပြုပြီး ပစ်ချခဲ့တာကြောင့် ခင်ဦးမြို့နယ်မှာ PDF တွေရဲ့ ဒရုန်း ၁၁ စီး၊ ကာလတန်ဖိုး ငွေကျပ်သိန်း ၃၇၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ခင်ဦးဒေသခံ ဒရုန်းတပ်ဖွဲ့တွေက စက်တင်ဘာ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ခင်ဦးမြို့နယ်မှာ ဒရုန်းတွေအသုံးပြုပြီး တိုက်ပွဲပေါင်း ၁၀၀ ကျော် ဆင်နွှဲနိုင်ခဲ့ပေမဲ့ ကုန်ကျစရိတ်ကြီးမြင့်တာ၊ စစ်ကောင်စီဘက်က အဆင့်မြင့် ဒရုန်းပစ်လက်နက်တွေ အသုံးပြုလာတာကြောင့် စစ်ဆင်ရေးတွေ ယာယီရပ်နားထားရပြီး ပိုကောင်းတဲ့ နည်းပညာတွေ အသုံးပြုပြီး တိုက်ပွဲပြန်ဝင်နိုင်ဖို့ ကြိုးစားနေတယ်လို့ ခင်ဦးမြို့နယ်အခြေစိုက် ဒရုန်းတပ်ဖွဲ့ NAA-DF က ပြောပါတယ်။

လေကြောင်းရန်ကာကွယ်နိုင်ဖို့ PROJECT DRAGONFLY စီမံချက်ကို စတင် အကောင်အထည်ဖော်နေပြီး စနစ်တကျ စီမံဆောင်ရွက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဩဂုတ် ၉ ရက်နေ့မှာ ကြေညာထားသလို ဒရုန်းတွေနဲ့ လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေထုတ်လုပ်ဖို့ Project Sky Work ကိုလည်း စတင်နေပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

NUG က ဩဂုတ်လထဲမှာ စစ်ကိုင်းဒေသခံ ဒရုန်းတပ်ဖွဲ့ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့ပြီး အကူအညီတွေပေးဖို့လည်း အတည်ပြုခဲ့တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စက်တင်ဘာလဆန်းပိုင်းကစပြီး စစ်ကောင်စီက ဒရုန်းပစ် အဆင့်မြင့်လက်နက်တွေကို ဝယ်ယူနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ဒရုန်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ အရေးကြီးတဲ့နေရာတွေမှာ Anti Drone Gun တွေ တပ်ဆင်နေပြီလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၂၀ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

NUG ဘက်က လက်နက်တွေဝယ်ပြီး PDF တွေကို ထောက်ပံ့နေသလို ကိုယ်ပိုင်ထုတ်လုပ်ဖို့ နည်းပညာတွေ ရထားပြီလို့ ဩဂုတ်လဆန်းပိုင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီဘက်ကလည်း အခုလို ပြန်လည်တုံ့ပြန်လာတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up