အင်ဒိုနီးရှားနိုင်ငံ ဘောလုံးပွဲအဓိကရုဏ်းတွင် လူ ၁၂၉ ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှားနိုင်ငံမှာ ဘောလုံးပွဲ အဓိကရုဏ်းတခုအတွင်း လူအုပ်ပြိုကျပြီး နင်းမိကြလို့ လူ ၁၂၉ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၁၈၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက်မှာ ပြောပါတယ်။
အရှေ့ဂျာဗားပြည်နယ်မှာ အာရေမာ FC နဲ့ ပါဆေဘာယာ ဆူရာဘာယာ အသင်းတို့ရဲ့ အောက်တိုဘာ ၁ ရက်ည ပွဲစဉ်ပြီးတဲ့နောက် ရှုံးတဲ့အသင်းကို ထောက်ခံသူတွေက ကွင်းထဲ၀င်ခဲ့ လို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။
ဒါကြောင့် လူအုပ်ကြီး ပြိုကျ နင်းမိကုန်တဲ့အပြင် အသက်ရှူကြပ်သွားခဲ့ကြတာလို့ အရှေ့ ဂျာဗားပြည်နယ် ရဲချုပ် နီကို အာဖင်တာက သတင်းထောက်တွေကို ပြောပါတယ်။
ပါဆေဘေယာ အသင်းက ၃ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်အပြီးမှာ အင်ဒိုနီးရှားထိပ်တန်းလိဂ် BRI လီဂါဝမ်းအသင်းက ပွဲစဉ်တွေကို တပတ်ကြာ ဆိုင်းငံ့ထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် (PSSI) က ပြောပါတယ်။
အာရေမာ FC က သူ့အိမ်ကွင်းမှာ ဖြစ်ခဲ့တဲ့ ကပ်ဘေးထဲမှာ သေဆုံးသူတွေရဲ့ မိသားစုတွေကို အလေးအနက် ဝမ်းနည်းကြောင်းနဲ့ တောင်းပန်ကြောင်း ဖော်ပြခဲ့ပါတယ်။
အင်ဒိုနီးရှားဟာ လာမယ့်နှစ် မေနဲ့ ဇွန်လမှာ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာပါ။
တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ကနေ နုတ်ထွက်ပြီးတဲ့နောက် ယူရိုပါဖလား ဗိုလ်လုပွဲနဲ့ ညီမျှတဲ့ လာမယ့်နှစ် အာရှဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ နိုင်ငံသုံးနိုင်ငံက အဆိုပြုထားရာမှာ အင်ဒိုနီးရှားနိုင်ငံလည်း တနိုင်ငံ အပါအဝင် ဖြစ်ပါတယ်။