လောင်စာဆီဈေးနှုန်းကျဆင်းရေး အင်ဒိုနီးရှား ပြည်သူများ ဆန္ဒပြ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ အစိုးရရဲ့ ၈ နှစ်အတွင်း လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုအပေါ် စက်တင်ဘာ ၆ ရက်က အလုပ်သမားတွေနဲ့ ပြည်သူ ၁၀၀၀ လောက် စုဝေးဆန္ဒပြခဲ့ကြပါတယ်။
နိုင်ငံမှာ ငွေကြေးဖောင်းပွမှု မြင့်တက်နေချိန်မှာ တဖြည်းဖြည်း ဖောင်းပွလာတဲ့ စွမ်းအင်ထောက်ပံ့ကြေး ဘတ်ဂျက်ကို ထိန်းချုပ်နိုင်ဖို့အတွက် လောင်စာဆီ ဈေးနှုန်းကို ၃၀ ရာခိုင်နှုန်းလောက်တက်ဖို့ကလွဲပြီး ရွေးချယ်စရာ သိပ်မရှိဘူးလို့ သမ္မတ ဂျိုကို ဝီဒိုဒိုက စက်တင်ဘာ ၃ ရက်မှာ ပြောပါတယ်။
လူဦးရေ သန်း ၂၇၀ ရှိတဲ့ တိုင်းပြည်မှာ ဒီအစီအမံကို လူကြိုက်မများပါဘူး။ အနီရောင် သို့မဟုတ် လိမ္မော်ရောင် ခေါင်းစည်းပဝါတွေ ဝတ်ဆင်ထားကြတဲ့ ဆန္ဒပြသူတွေဟာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ရှုတ်ချပြီး အနည်းဆုံး အခကြေးငွေ တိုးမြှင့်ပေးဖို့ တောင်းဆိုထားတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ပြီး ချီတက်ခဲ့ကြပါတယ်။
စက်တင်ဘာ ၆ ရက် ဆန္ဒပြပွဲတွေဟာ ငြိမ်းချမ်းစွာပဲ စတင်ခဲ့ပြီး အကြမ်းဖက်မှု သို့မဟုတ် ဖမ်းဆီးခံရမှု သတင်းတွေ အစောပိုင်းမှာ မကြားရပါဘူး။
လောင်စာဆီဈေးတက်တာကို ရုပ်သိမ်းပေးဖို့ အလားတူ ဆန္ဒပြပွဲတွေကို နိုင်ငံတဝန်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးမှာ လောင်စာဆီ အထောက်အပံ့ကိစ္စက ထိလွယ်ရှလွယ် ပြဿနာတရပ် ဖြစ်ပေမယ့်လည်း အစိုးရဟာ တိုက်ရိုက်ငွေလွှဲခြင်း အပါအဝင် လျော်ကြေးငွေ ပေးချေမှု အစီအမံတွေကတစ်ဆင့် ထိုးနှက်ချက်ကို ပျော့ပျောင်းစေဖို့ ကြိုးပမ်းခဲ့ပါတယ်။