close

အာဏာသိမ်းစစ်ခေါင်းဆောင် ပြည်မြို့ကိုလာပြီး ယတြာချေမည့် ခရီးစဉ်ကြောင့် လုံခြုံရေး တင်းကျပ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ  အောက်တိုဘာ ၄ ရက်မှာ  ပဲခူးတိုင်း၊ ပြည်မြို့ကိုလာရောက်ပြီး ရွှေဆံတော်ဘုရားမှာ ယတြာချေဖို့ရှိနေတာကြောင့် တမြို့လုံးအနှံ့ အရပ်ဝတ်၊ စစ်ယူနီဖောင်းဝတ်တွေ လုံခြုံရေးတင်းကျပ်ချထားတယ်လို့ မြိုခံတွေထံက သိရပါတယ်။

စစ်ခေါင်းဆောင်ဟာ ပြည်မြို့ကို လေယာဉ်နဲ့လာမှာဖြစ်ပါ  တပ်ထဲက လေယာဉ်ကွင်းမှာဆင်းဖို့ ရှိတဲ့အကြောင်းနဲ့ စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ်က ပြည်မြို့မှာ ဒီကနေ့ ကြိုရောက်နေပြီး  ဘုရားမှာယတြာချေဖို့ရှိတာကြောင့်  သာသနာရေးဦးစီးဌာနက လူတွေကိုလည်း ဘုရားကိုခေါ်ထားတယ်လို့ Non-CDM ဝန်ထမ်းတယောက်ကပြောပါတယ်။ 

“သူတို့အထဲကပဲသိရတာက သူ(မအလ)က အခုအသစ်ထပ်ဖောက်ထားတဲ့ ရွှေတောင်အထွက်က  ဘို့လည်ကုန်း တပ်ထဲကလေယာဉ်ကွင်းမှာဆင်းမှာ လေယာဉ်နဲ့လာမှာ။ အဲ့ဒိကနေ ပြည်ကိုလာမယ်။ (ဒကစ)ကိုဝင်မယ်။  ရွှေဆံတော်ဘုရားကိုလာမယ်။ မင်းကြီးတောင်ပေါ်တက်မယ်။ အနောက်ဘက်ကမ်းက ညောင်ခြေထောက်ကိုသွားမယ်။ ညောင်ခြေထောက်မှာတော့ လက်နက်စက်ရုံတော့ရှိတယ်။”

ရွှေဆံတော်ဘုရားမှာလည်း ဒီညနေကတည်းက ဂေါပကအဖွဲ့အရေးပေါ်အစည်းအဝေးလုပ်နေပြီး ဘုရားဓာတ်လှေခါးရှေ့က လမ်းကိုလဲပိတ်ထားကာ ဘုရားဈေးဆိုင်တွေလည်း ၂ ရက်ပိတ်ခိုင်းထားတယ်လို့ ဆံတော်ရပ်ကွက် နေသူတယောက်က ပြောပါတယ်။ 

“သူကမနက်ဖန်လာမယ်လို့တော့ကြားတယ်။ ဘုရားပေါ်ကိုတက်မယ် ယတြာချေမယ်။ နောက် ပြည်ဝင်၊ ပြည်ထွက်လုပ်မယ်။ မင်းကြီးတောင်ပေါ် ဝန်ချတောင်ကိုလည်းသွားမယ်လို့တော့ ကြားတယ်။ ဘုရားကတည်းခိုခန်းတွေမှာတော့ စစ်ကောင်စီတပ်သားတွေထင်တယ် အပြည့်ပဲ။ ဘုရားမှာက တည်းခိုဆောင်တွေအများကြီးရှိတာ အခုအပြည့်ပဲ အားလုံးကအရပ်ဝတ်တွေနဲ့။ အပြင်လမ်းမနဲ့ချောင်ကြိုချောင်ကြားတွေမှာတော့ စစ်ယူနီဖောင်းဝတ်တွေနဲ့ ရဲတွေ စောင့်နေတယ်။ ဗိုလ်ချုပ်လမ်းဘက်အထိပဲ။ နောက် အာဏာသိမ်းကတည်းက ပိတ်ထားတဲ့ ဝါတွင်း နိဗ္ဗာန်ဆော်အဖွဲ့ကိုလည်း  အရေးပေါ်လှမ်းခေါ်ပြီး မနက်ဖန်ကစပြီး နိဗ္ဗာန်ဆော် လှည့်ခိုင်းထား တယ်။”

စစ်ခေါင်းဆောင်လာမှာကြောင့် ပြည်နဲ့ ရွှေတောင်လမ်းတလျှောက်မှာ စစ်ကောင်စီတပ်တွေ ကင်းပုန်းတွေချထားသလို မြို့အဝင်ဂိတ်တွေမှာလည်း  ကားတွေကို လုံခြုံရေးတင်းကျပ်ရှာဖွေနေတဲ့အကြောင်းနဲ့ မြို့ထဲက ဗိုလ်ချုပ်လမ်းတလျှောက်ကိုလည်း ညပိုင်းအထိ သန့်ရှင်းရေးလုပ်နေကြတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်  ပြည်မြို့ကို လာမယ့် သတင်းထွက်ပေါ်ခဲ့ပြီး သတင်းဌာနတွေက အရင်သတင်းထုတ်လိုက်တာကြောင့်အစီအစဉ် ပျက်သွားခဲ့ပါတယ်။

အရင်က မဆလအာဏာရှင်ဟောင်း ဦးနေဝင်းဟာလည်း ပြည်ရွှေဆံတော်ဘုရားကို တက်ပြီး မကြာခဏ ယတြာလာခြေတာ၊ အောင်မြေလာနင်းတာ ၊ ပြည်၀င် ပြည်ထွက် ယတြာချေတာတွေ ပြုလုပ်လေ့ရှိပြီး သူ့နောက် စစ်အာဏာရှင်ခေါင်းဆောင်ဟောင်း ဦးသန်း‌ရွှေနဲ့  စစ်ထောက်လှမ်းရေး ဟောင်း ဦးခင်ညွှန့်တို့လည်း အလားတူ လာရောက် ယတြာချေခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up