မက်ဆီ၏ အဆင့်အတန်းမျိုး ဟာလန်းတွင် မရှိသေးဟု နည်းပြဂွါဒီယိုလာပြော

လီယွန်နယ်မက်ဆီရဲ့ ခြေစွမ်းအဆင့်အတန်းမျိုး ဟာလန်းမှာမရှိသေးဘူးလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။
စီးတီးတိုက်စစ်မှူးဟာလန်းဟာ မန်ယူနဲ့ မန်ချက်စတာဒါဘီမှာ ဟတ်ထရစ်သုံးဂိုးသွင်းခဲ့ပြီး အိမ်ကွင်းသုံးပွဲဆက်တိုက် ဟတ်ထရစ်သွင်းယူနိုင်ခဲ့တာပါ။
ခြေစွမ်းပြနေတဲ့ ဟာလန်းရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး မက်ဆီနဲ့ နှိုင်းယှဉ်မေးမြန်းရာမှာ နည်းပြဂွါဒီယိုလာက ပြန်လည်ဖြေကြားခဲ့တာပါ။
“မက်ဆီနဲ့ ဟာလန်းတို့ကြားမှာ မတူညီတဲ့အချက်က ဟာလန်းက ဂိုးတွေသွင်းယူနိုင်ဖို့ အသင်းဖော်တွေရဲ့အကူအညီလိုအပ်ပါတယ်။ ဒါပေမဲ့ မက်ဆီကတော့ ဂိုးရဖို့ သူ့ဘာသူ လုပ်ဆောင်နိုင်တဲ့စွမ်းဆောင်ရည်ရှိတယ်” လို့ ဂွါဒီယိုလာကပြောပါတယ်။
ပရိသတ်တစ်ဦးကတော့ မက်ဆီဟာ တစ်ဦးချင်းစွမ်းဆောင်ရည်တွေနဲ့ ဂိုးသွင်းနိုင်တာမှန်ပေမဲ့ ဇာဗီ၊ အင်နီယေစတာတို့လို အသင်းဖော်ကောင်းတွေရဲ့အကူအညီတွေလည်းရခဲ့ကြောင်း မှတ်ချက်ပေး သွားပါတယ်။
စီးတီးတိုက်စစ်မှူး ဟာလန်းဟာ မန်စီးတီးနဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ ပြီးဖြစ်ပါတယ်။