ယူကရိန်းစစ်တပ် ထိုးစစ်အရှိန်မြှင့်ကာ မြို့အသစ်များကို ပြန်သိမ်းနိုင်ခဲ့ဟု ဇလန်းစကီးပြော

ယူကရိန်းစစ်တပ်ဟာ ရုရှားတပ်တွေကို ထိုးစစ် အရှိန်မြှင့်လိုက်ပြီး နယ်မြေအများအပြားမှာရှိတဲ့ မြို့အသစ်တွေကို ရုရှားလက်ကနေ လွတ်မြောက်အောင် ပြန်သိမ်းခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက အောက်တိုဘာ ၃ ရက်မှာ ပြောလိုက်ပါတယ်။
အသေးစိတ်အချက်အလက်တွေကို ပြောကြားခြင်းမရှိဘဲ ဇလန်းစကီးက "ဒေသ အများအပြား မှာ လူ့အဖွဲ့အစည်းအသစ်တွေ လွတ်မြောက်လာခဲ့ပြီ။ ရှေ့တန်း အစိတ်အပိုင်း အတော်များများမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတယ်”လို့ ညစဉ်ပြောတဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ စစ်ပွဲတွေ စကတည်းက နိုင်ငံရဲ့တောင်ပိုင်းမှာ အကြီးမားဆုံး အောင်မြင် မှုတွေ ရခဲ့တာပါ။
အောက်တိုဘာ ၃ ရက်မှာ ယူကရိန်းတပ်တွေဟာ ရုရှားကာကွယ်ရေးတပ်တွေကို ထိုးဖောက်ရင်း ဒနစ်ပရို မြစ်တစ်လျှောက် အမြန်ချီတက်လာခဲ့လို့ ရုရှားတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာအတွက် ထောက်ပံ့ရေး လမ်းကြောင်းတွေကို ခြိမ်းခြောက်နေပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒန်ညက်စ်၊ လူဟန့်စ်၊ ခါဆွန်နဲ့ ဇာပိုရစ်ချ်ဇီယာ ပြည်နယ်တွေကို ထာဝရရုရှားပိုင်နက်အဖြစ် စက်တင်ဘာ ၃၀ က ရုရှားနိုင်ငံ မော်စကိုရင်ပြင်နီမှာ အောင်ပွဲခံကြေညာခဲ့အပြီး နာရီနည်းနည်းအကြာမှာ ယူကရိန်းက ဒန်ညက်စ်မြောက်ပိုင်းရှိ အဓိကရုရှားခံတပ် လေးမန်းကို ပြန်သိမ်းပိုက်ခဲ့ပါတယ်။