နေအိမ် ၁ လုံးအား မှားဖျက်မိသဖြင့် ထိုင်း GSB ဘဏ် ဘတ် ၂ သန်းလျော်ရမည်

ထိုင်းနိုင်ငံအလယ်ပိုင်း ပထုန်ဌာနီခရိုင်မှာ ထိုင်း GSB ဘဏ်က အကြွေးမပေးနိုင်တဲ့နေအိမ် ၁ လုံးကို သွားရောက်သိမ်းဆည်းဖျက်ဆီးရာမှာ မဆိုင်တဲ့အိမ်တလုံးကို မှားဖျက်မိလို့ အမှုအခင်း ဖြစ်နေပါတယ်။
ဖျက်ဆီးခံရတဲ့အိမ်က မိသားစုဝင်တွေဟာ နေမကောင်းတဲ့ယောက္ခမကို သီတင်းပတ်အတော်ကြာ သွားပြုစုနေစဉ် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က အိမ်နီးချင်းက အိမ်ရောင်းမလို့လား၊ အိမ်ရှေ့မှာ ကြော်ငြာကပ်ထားတယ်လို့ အကြောင်းကြားတာကြောင့် ချက်ချင်း ပြန်လာကြည့်ရာမှာ တကယ်ဘဲ အိမ်ရှေ့မှာ GSB ဘဏ်တံဆိပ်နဲ့ အိမ်ရောင်းဖို့ ဆိုင်းဘုတ်ကပ်ထားပြီး အိမ်ထောင်ပရိဘောဂတွေ အပြင်မှာ အမှိုက်လိုပုံထားကာ အချို့ကို မီးရှို့ထားကြောင်း၊ ခြံထဲက သစ်ပင်ပန်းပင်တွေလည်း အကုန်လုံး ပြောင်နေအောင် အခုတ်ခံထားရကာ အိမ်ထဲမှာလည်း ပြောင်သလင်းခါနေလို့ မိသားစုတွေ အထိတ်တလန့် ဝမ်းနည်းပက်လက်ဖြစ်ရတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် သူတို့အဘိုးလက်ရာ ဓာတ်ပုံမှန်ဘောင်တွေ၊ ကိုယ်တိုင်ရေး ပန်းချီကားချပ်တွေ၊ အနှစ်နှစ်အလလ ဝယ်ယူစုဆောင်းထားတဲ့စာအုပ်တွေ၊ သားဖြစ်သူရဲ့ ကျောင်းသားဘဝ အမှတ်တရပစ္စည်းတွေဟာ ငွေနဲ့ပြန်ဝယ်လို့ရတဲ့အရာ မဟုတ်တာကြောင့် နှမြောတသ ငိုကြွေးခဲ့ပါတယ်။
သူတို့အိမ်ဟာ ပထုန်ဌာနီမြို့ ဝပ်နထားဆီရီပတ်ခ်ဗျူးအဆင့်မြင့်အိမ်ရာထဲမှာ တည်ရှိပြီး အိမ်အမှတ် ၉၉/၄၄ ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်ရောင်းကြော်ငြာမှာတော့ အိမ်အမှတ် ၉၉/၃၈ ဖြစ်နေပါတယ်။
အိမ်ရှင်က ချက်ချင်းပဲ GSB ဘဏ်တိုက်ကို အကြောင်းကြားခဲ့ကြောင်း၊ ဘဏ်ဝန်ထမ်းက စစ်ဆေးဦးမယ်ပြောပြီး စက်တင်ဘာ ၁၇ မှ ဖုန်းပြန်ဆက်ကာ အိမ်မှားဖျက်ဆီးမိကြောင်း တောင်းပန်ပြီး စက်တင်ဘာ ၂၀ ရက်နေ့ ရဲစခန်းမှာ သွားရှင်းဖို့ ချိန်းဆိုလိုက်ပါတယ်။
ရဲစခန်းမှာ အိမ်ရှင်ဘက်က လျော်ကြေး ဘတ် ၂ သန်းနဲ့ ၂ သိန်းတောင်းဆိုခဲ့ပေမယ့် ဘဏ်ကိုယ်စား လှယ်ကတော့ တန်ဖိုးတွေ အကုန်ပြန်တွက်ချက်ဦးမယ်ဆိုပြီး ရက်အတန်ကြာ အချိန်ဆွဲထားပါသေးတယ်။
အိမ်ဖျက်ခံရတဲ့ကိစ္စ ဘဏ်ဘက်က အေးတိအေးစက်ဖြစ်နေလို့ အိမ်ရှင်က ရှေ့နေဆီ တိုင်ကြားခဲ့ ကြောင်း၊ ရှေ့နေက အဆိုပါဘဏ်ကို ကျူးကျော်မှု၊ ခိုးမှု၊ ဖျက်ဆီးမှု၊ ကွန်ပျူတာဥပဒေ (အိမ်ရောင်းရန် ကြော်ငြာ၍) စတဲ့ ပြစ်မှု ၄ ခုနဲ့ အရေးယူလို့ရတယ်လို့ သတင်းဌာနအင်တာဗျူးမှာ ပြောပါတယ်။
အဆိုပါကိစ္စ သတင်းမီဒီယာမှာ ပျံ့နှံ့ပြီး GSB ဘဏ်လည်း အတော်လေးပြစ်တင်ဝေဖန်ခံနေရ တာကြောင့် ဒီကနေ့ အောက်တိုဘာ ၄ ရက်နေ့မှာ သတင်းစာရှင်းပြီး ဆုံးရှုံးမှုအတွက် ဘတ် ၂ သန်း ပြန်လျော်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
ဘဏ်တာဝန်ရှိသူက အဲဒီအိမ်ကို လေလံတင်ပွဲကနေ ဘတ် ၁ သန်း ၆ သိန်းနဲ့ ဝယ်ယူခဲ့ကြောင်း၊ အိမ်ကိုတော့ ဓာတ်ပုံထဲမှာပဲမြင်တွေ့ပြီး ပြုပြင်မွမ်းမံပြန်လည်ရောင်းချဖို့ အလုပ်သမားတွေနဲ့ ရှင်းလင်းခိုင်းခဲ့ရာမှာ အိမ် ၂ လုံး ဟာ ပုံစံဆင်တူတွေဖြစ်နေသလို အိမ်နံပါတ်လည်း တပ်မထား တာကြောင့် မှားဖျက်မိကြောင်း ဝန်ခံသွားပါတယ်။ မှားဖျက်မိတဲ့အိမ်နဲ့ တကယ်ဖျက်ရမယ့်အိမ်ဟာ တလမ်းတည်းမှာဖြစ်ပြီး ၃ အိမ်သာကွာခြားပါတယ်။ မှားဖျက်မိတဲ့အိမ်ဟာ သူတို့အိမ်နံပါတ်ဆိုင်း ဘုတ်ကို အလှဆင်အသစ်ပြင်ရေးနေလို့ ခဏဖြုတ်ထားတာလို့ ဆိုပါတယ်။
အိမ်ရှင်က လျော်ကြေးပြန်ရပေမယ့် မိဘလက်ရာအမွေနဲ့ အမှတ်တရပစ္စည်းတွေ၊ ပြုစုပျိုးထောင်ခဲ့တဲ့ သစ်ပင်ပန်းပင်တွေ ဆုံးရှုံးရတဲ့ စိတ်ထိခိုက်မှုကိုတော့ ဘာမှ အစားမထိုးနိုင်ဘူးလို့ သတင်းထောက်တွေကို ပြောသွားပါတယ်။
ကိုးကား - thaipbs