close

ကနီမြို့နယ်တွင် စစ်ကောင်စီရိက္ခာပို့ မော်တော်များ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့ စစ်ကောင်စီ မော်တော် ၁၃ စီး ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ် မော်တော်ဖလပ်ခွံတွေက အောက်တိုဘာ ၃ ရက်နေ့ မနက်ခင်းကနေ မုံရွာ မင်းဒေါင့်ဆိပ်ကမ်းကနေ ထွက်ခွာလာပြီး ကျောက်မော်ရွာဆိပ်ကကနေ စတင်ကာ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ စတင်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“အဲဒီလိုဖြစ်ပြီး စစ်ကောင်စီ မော်တော်တစီး မီးစွဲလောင်ကာ စက်ပျက် မျောသွားသေးတယ်။ အဲဒီစက်ပျက်မီး‌စွဲသွားတဲ့‌ မော်တော်ကို အခြားမော်တော်တွေနဲ့ တွဲပြီးအထက်ဆန် ခေါ်သွားတာ မြင်လိုက်ရတယ်။ အဲဒါပြီးတော့ သူတို့ ရေဘုတလင်အောက်ဘက် ဆိပ်ကမ်းမှာ ညအိပ်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေး B21 အဖွဲ့ တာဝန်ရှိသူက “ပစ်ကြတာတော့ အဖွဲ့ပေါင်းစုံပါပဲဗျ။‌ စစ် (-) သေတာရယ်၊ ထိခိုက်တာ အများအပြား ရှိနိုင်တယ်။ မနက်ပိုင်း သူတို့ ထွက်လာတဲ့ အချိန်ကတည်းကနေ ပြည်သူ့ကာကွယ်ရေးတွေက ပစ်နေကြတာ။ အခုလည်း ဒီနေ့ အောက်တိုဘာ ၄ ရက်နေ့ ညနေခင်း ၃ နာရီအချိန်မှာ ကျနော်တို့အဖွဲ့တွေက ကနီမြို့နယ်၊ ငါးဖျတ်ရွာဆိပ်ကမ်းကနေ‌ စောင့်ပြီး ပစ်ခတ်တာတွေ လုပ်ခဲ့တယ်။ စစ်ကောင်စီ အကျအဆုံးကတော့ လောလောဆယ် မသိရသေးဘူးဗျ။ ကျနော်တို့အဖွဲ့ကတော့ အကျအဆုံး မရှိခဲ့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဘက်ကလည်း မြစ်ကမ်းဘေးကို ပြန်လည်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ပွဲအတွေ့အကြုံ များလာပြီး မောင်းပြန်လက်နက်တွေပါ ကိုင်ဆောင်လာနိုင်တာကြောင့် စစ်ကောင်စီတပ်တွေ ဒီတခေါက် ချင်းတွင်းမြစ်ကို ဆန်တက်နေရာမှာ အကျအဆုံး အများအပြားနဲ့ ရင်ဆိုင်ရမယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ချင်းတွင်းမြစ်အတွင်းက ကမ်းဘေးနေ‌တဲ့ ကျေးရွာတွေကို ပြန်လည်ပစ်ခတ်နေတာကြောင့် ချိုင်ကျေးရွာ၊ ဝက်ချောင်းကလေးကျေးရွာ၊ မုဌေါကျေးရွာ၊ နတ်ကြီးကျေးရွာ၊ ငါးဖျတ်ကျေးရွာ၊ ညောင်ပင်ဝန်းကျေးရွာ၊ ဝက်ချောင်းကြီးကျေးရွာက ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up