သိပ္ပံပညာရှင် ၃ ဦးကို ရူပဗေဒဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်

၂၀၂၂ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ကွမ်တမ် မက္ကင်းနစ်ဆိုင်ရာ စမ်းသပ်မှုတွေအတွက် ပြင်သစ်၊ အမေရိကန်နဲ့ သြစတြီးယားက သိပ္ပံပညာရှင် ၃ ယောက်ကို ချီးမြှင့်ကြောင်း တော်ဝင် ဆွီဒင်သိပ္ပံအကယ်ဒမီက အောက်တိုဘာ ၄ ရက်မှာ ကြေညာပါတယ်။
သူတို့ဟာ ကွန်ပျူတာနည်းပညာ အသုံးပြုမှု လုပ်ငန်းစဉ်နဲ့ ခရစ်ပ်တိုဂရပ်ဖီ ခေါ် ကုတ်ဒ်တွေ ရေးသားတာ၊ ဖြေရှင်းတာတို့မှာ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်နေတဲ့ အပလီကေးရှင်း အသစ်တွေအတွက် အခြေခံအုတ်မြစ်ချပေးတဲ့ ကွမ်တမ်လုပ်ငန်းစဉ်တွေမှာ စမ်းသပ်စစ်ဆေး တွေ့ရှိမှုတွေအတွက် ဆုချီးမြှင့်ခံရတာပါ။
“သူတို့ရဲ့ရလဒ်တွေက ကွမ်တမ် အချက်အလက်ကို အခြေခံတဲ့ နည်းပညာသစ်အတွက် လမ်းကြောင်းကို ရှင်းလင်းသွားပါပြီ” လို့ တော်ဝင် ဆွီဒင်သိပ္ပံအကယ်ဒမီက နိုဘယ်ဆုရှင်တွေဖြစ်တဲ့ ပြင်သစ်က Alain Aspect၊ အမေရိကန်က John F. Clauser နဲ့ သြစတြီးယားက Anton Zelinger တို့ကို ပြောကြားပါတယ်။
သိပ္ပံပညာရှင်တွေ အားလုံးဟာ အမှုန်နှစ်ခုကြားမှာ နေရာလွတ်နဲ့ မသက်ဆိုင်ဘဲ ချိတ်ဆက်နေတဲ့ ကွမ်တမ် ရောနှောပေါင်းစပ်မှုနဲ့ပတ်သက်ပြီး စမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်းစတိုင်းတောင် မဖြေရှင်းနိုင်ခဲ့တဲ့ ပညာနယ်ပယ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဆုအတွက် ဆွီဒင် ခရောင်းငွေ ၁၀ သန်း တန်ဖိုးရှိတဲ့ နှစ် ၁၀၀ ကျော် သက်တမ်းရှိ ဆုလဒ်ကို တော်ဝင် ဆွီဒင်သိပ္ပံအကယ်ဒမီက ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။