close

လှိုင်နှင့်တောင်ဥက္ကလာပ မြို့နယ်တို့တွင် ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နဲ့ တောင်ဥက္ကလာပမြို့နယ်တို့မှာ ဒီကနေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လှိုင်မြို့နယ် ဘုရင့်နောင် စစ်ကြောရေးအနီးမှာ ဒီကနေ့ည ခြောက်နာရီကျော်က ဗုံးပေါက်ကွဲပြီးနောက် ပစ်ခတ်မှု့အချို့ဖြစ်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

"ဗုံးအရင်ပေါက်တာ၊ ပြီးမှ သေနတ်သံတွေကြားရတာ။ စစ်ကြောရေးကို ဗုံးနဲ့လည်း သေနတ်နဲ့လည်း ပစ်သွားတယ် ပြောတယ်။ စစ်သားတွေ အများကြီးပဲ စစ်နေတာ၊ သေနတ်သံတွေလည်း ကြားရတယ်၊ အပြန်အလှန်ပစ်ကြတာလား မသိဘူး" လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲပြီး သေနတ်သံများ အဆက်မပြတ်ကြားရပေမယ့် စစ်ကောင်စီတပ်တွေ အများအပြား နေရာယူထားလို့ သေဆုံးဒဏ်ရာရရတဲ့အခြေအနေကို မသိရဘူးလို့ သီရီမင်္ဂလာစျေးမှာ အလုပ်လုပ်သူတဦးက ပြောပါတယ်။

"ပိတောက်ချောင်းက ရဲတွေပါ၊ စစ်ကြောရေးတပ်ကို သွားပေါင်းတာ။ သီရီမဂ်လာစျေးနဲ့ ဘုရင့်နောင်လမ်းဆုံမှာ စစ်ဆေးနေတယ်၊ ကားတွေလည်းပိတ်နေတယ်။" 

အလားတူ တောင်ဥက္ကလာပမြို့နယ် ၈ ရပ်ကွက် ရတနာလမ်းရှိ Star World KTV ဆိုင်ရှေ့ထရန်စဖော်မာပေါ် အနီးမှာ ဒီကနေ့ညနေပိုင်းက မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံးတွေ့ရှိခဲ့ပြီး စစ်တပ်က ဖောက်ခွဲခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"ကေတီဗွီမှာ တွေ့တဲ့ လက်လုပ်ဗုံးနှစ်လုံးကို စစ်တပ်ကယူ သွားပြီး ရတနာလမ်းမှာ သွားဖောက်တာ၊ ကားတာယာတွေကာပြီးတော့။" 

လက်တလောမှာ လှိုင်မြို့နယ် ဘုရင့်နောင်စစ်ကြောရေးမှာ ပစ်ခတ်ခံရတာနဲ့ပတ်သတ်ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ အခြေအနေကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ အောက်တိုဘာ ၁ ရက်မှ ၁၁ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်မှု ၁၅ ကြိမ်ဖြစ်ခဲ့ပြီး ၃ ဦး၊ သေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up