ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၏ မိဘပိုင်နေအိမ် ချိပ်ပိတ်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်ရှိ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းရဲ့ မိဘပိုင်နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီက လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေအိမ်ကို စစ်ကောင်စီတပ်၊ ရဲ အပါအဝင် အုပ်ချုပ်ရေးပိုင် တာဝန်ရှိသူတွေက အောက်တိုဘာ ၁၂ ရက် နေ့လယ် ၂ နာရီလောက်မှာ လာရောက် ချိပ်ပိတ််သွားတာပါ။
စစ်ကောင်စီကတော့ ဒီနေအိမ်ဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နေတဲ့အတွက် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမှာ ဖြစ်တာကြောင့် ချိပ်ပိတ်ရတာလို့ ဆိုထားပါတယ်။
စစ်ကောင်စီက လာရောက်ချိပ်ပိတ်သွားတဲ့ ခွန်မြင့်ထွန်းရဲ့ မိဘပိုင်နေအိမ်ဟာ ၁၉၈၈ ခုနှစ်ကစပြီး လက်ရှိအချိန်ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးစိုက်ထားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
ခွန်မြင့်ထွန်းကတော့ စစ်ကောင်စီက မိဘပိုင်နေအိမ်ကို အခုလို လာရောက်ချိတ်ပိတ်တာဟာ NLD ပါတီရုံးစိုက်ထားတာ ဒါမှမဟုတ် သူရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် လာရောက် ချိပ်ပိတ်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ဒီနေအိမ်ကို ဖခင်ဖြစ်သူ ကိုယ်တိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးစိုက်ဖို့ ခွင့်ပြုထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ခွန်မြင့်ထွန်းဟာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီ လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သလို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌအထိ တာဝန်ထမ်းဆောင်ခဲ့တာပါ။
လက်ရှိမှာ ခွန်မြင့်ထွန်းဟာ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်၊ ပါတီထောက်ခံသူတွေနဲ့ ဒေသခံ နေအိမ်ပေါင်း ၁၀၀ လောက် ချိပ်ပိတ်ခံထားရပါတယ်။