ဟာလန်းထက် ဒီဘရိုင်းကို သတိပြုရန် လီဗာပူးကို ကာရေဂါ သတိပေး

မန်စီးတီးနဲ့ကန်မယ့်ပွဲစဉ်မှာ တိုက်စစ်မှူးဟာလန်းထက်စာရင် ကွင်းလယ်လူ ဒီဘရိုင်းကို တားဆီးနိုင်ဖို့က ပိုပြီး အရေးကြီးကြောင်း ကစားသမားဟောင်းကာရေဂါက သတိပေးသွားပါတယ်။
လီဗာပူးအသင်းဟာ တနင်္ဂနွေ ည ၁၀ နာရီမှာ မန်စီးတီးနဲ့ အန်ဖီးလ်အိမ်ကွင်းမှာရင်ဆိုင်သွားရမှာပါ။ လီဗာပူးအနေနဲ့ ကွင်းလယ်လူဒီဘရိုင်းကို တားဆီးဖို့ အဓိက အာရုံစိုက်ပြင်ဆင်ရမှာဖြစ်ပြီး ဒီဘရိုင်းကို ထိန်းချုပ်နိုင်ရင် ဟာလန်းဆီဘောလုံးရောက်ဖို့ ၅၀ ရာခိုင်နှုန်းသာရှိမယ်လို့ ကာရေဂါက ထောက်ပြပါတယ်။
“ဒီပွဲမှာ ဟာလန်းထက်စာရင် ဒီဘရိုင်းကို ထိန်းချုပ်နိုင်ဖို့က ပိုပြီးအရေးကြီးတယ်။ ဒီဘရိုင်းကို ထိန်းလိုက်ရင် ဟာလန်းဆီဘောလုံးရောက်ဖို့ ၅၀ ရာခိုင်နူန်းလောက်ပဲရှိပြီး သူတို့နှစ်ယောက်ကြားက ဆက်သွယ်မှုကိုလည်း ဖြတ်တောက်ရာရောက်တယ်။ ကျနော့်အမြင်ကတော့ ဒီဘရိုင်းက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူဖြစ်တယ်”လို့ ကာရေဂါကပြောပါတယ်။
မန်စီးတီးဟာ ၉ ပွဲကစားအပြီးမှာ ဟာလန်း တစ်ဦးတည်းက ၁၅ ဂိုးအထိသွင်းယူထားပြီး ဒီဘရိုင်းက ၉ ကြိမ်နဲ့ ဂိုးဖန်တီးမှုအများဆုံးပြုလုပ်ထားပါတယ်။